Home သတင်း နတ်သံကွင်းမြို့အတွင်း KNLA ပူးပေါင်းတပ်များ ဝင်ရောက်နေရာယူထား

နတ်သံကွင်းမြို့အတွင်း KNLA ပူးပေါင်းတပ်များ ဝင်ရောက်နေရာယူထား

981
Photo: KNU

ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃) ထိန်းချုပ်သည့် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ရှိ စစ်တပ်စခန်းများအား ဒီဇင်ဘာလ(၂၆)ရက်၊ ယနေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့အတွင်း စီးနင်းနေရာယူထားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် လေးနာရီဝန်းကျင်ခန့်ကစ၍ နတ်သံကွင်းနှင့်ပဲနွယ်ကုန်းအကြားရှိ စစ်ကောင်စီ၏ ဂိတ်စခန်း နှစ်ခုအား ပူးပေါင်းတပ်များက စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နတ်သံကွင်းမြို့အတွင်းရှိ ရဲစခန်းနှင့် ဂိတ်စခန်းများအား ဆက်လက်တိုက်ခိုက်ခဲ့‌ခြင်းဖြစ်ကြောင်း သိရသည်။

နတ်သံကွင်းမြို့နေ ဒေသခံအမျိုးသားတစ်ဦးက “နတ်သံကွင်းနဲ့ပဲနွယ်ကုန်းနားက ဂိတ်နှစ်ခုကိုအရင်စီးတာ။ ပြီးတော့မှ မြို့ထဲက ရဲစခန်းနဲ့တံတားထိပ်ကျင်းပုန်းရယ်၊ ဘုန်းကြီးကျောင်းမှာရယ် တပ်စွဲထားတဲ့နေရာတွေကို ချတာ။ တော်လှန်ရေးတပ်ကရွာထဲမှာပဲနေမှာပေါ့။ တံတားလုံခြုံရေးဂိတ် ဟိုဘက်တခြမ်းကျန်သေးတယ်လေ။ အဲဒီကတပ်ကတော့ ဒီဘက်လည်းဝင်လာမရ၊ ထွက်မရ ပိတ်မိနေတဲ့သဘော‌ဖြစ်‌နေတာ” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီဘက်မှ နတ်သံကွင်းမြို့နှင့်အနီးဝန်းကျင်သို့ လေကြောင်းဖြင့် သုံးကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နတ်သံကွင်းအပိုင်းနှင့်တံခွန်တိုင်အပိုင်းရှိ အသက်မပြည့်သေးသော ကလေး ငယ်(၄)ဦးအပါအဝင် ဒေသခံ(၅)ဦး သေဆုံးခဲ့ရ‌သလို နီးစပ်ရာစစ်တပ်ဂိတ်စခန်းများမှ လက်နက်ကြီးများဖြင့် လက်ရှိအချိန်ထိ မြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

“ဖြစ်ဖြစ်ချင်းကလေယာဉ်မလာဘူး မိုးလင်းမှလာတာ ပဲနွယ်ကုန်းတပ်နဲ့ပိန်းဇလုပ်ဘက်က မြို့ထဲကို လက်နက်ကြီးနဲ့လှမ်းပစ်နေတာတော့ ရှိတယ်ဆိုပေမဲ့ လေယာဥ်က သုံးခေါက်လောက်လာပြီးကတည်းက ငြိမ်သွားပြီ။ ကလေးတွေထိတာလည်း တကယ်ပဲ တံခွန်တိုင်အပိုင်းဘက်ကဆို ကလေး (၃)ယောက် တောင်မှထိတာ။ တချို့ကတော့ ပြေးပေမယ့် တချို့ကတော့ ကျင်းပုန်းထဲနေနေကြသေးတယ်။” ဟု အဆိုပါနတ်သံကွင်းမြို့ခံက ဆက်ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်များ၏ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိမရှိကိုမူ မသိရှိရ သေးသော်လည်း မြို့အတွင်း ပိတ်မိကျန်ရှိနေသော ဒေသခံများလည်း ရှိနေပြီး တိုက်ပွဲထပ်မံဖြစ်ပွား မည့်အခြေအနေကို စိုးရိမ်စောင့်ကြည့်နေရကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

အဆိုပါနတ်သံကွင်းမြို့အတွင်း တော်လှန်ရေးပူးပေါင်းတပ်များဝင်ရောက်စီးနင်းမှုအခြေအနေနှင့် ပတ်သက်၍ ကေအဲန်ယူဘက်မှ တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးသလို ကေအဲန်ယူပြောခွင့်ရသူနှင့် ဆက်သွယ်မေး မြန်းချိန်တွင်လည်း တပ်မဟာ(၃)ဘက်မှ သတင်းမရောက်‌ရှိသေးကြောင်း ကေအိုင်စီကို ပြောသည်။

ယခု ဒီဇင်ဘာလ ပထမအပတ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်က အင်အားအနည်းစုဖြင့် မြို့အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီ၏နောက်ဆက်တွဲ တိုက်ခိုက်မှုများဖြစ်လာမည်စိုးသဖြင့် မြို့မှ စွန့်ခွာ‌ နေထိုင်ကြရန် ပူးပေါင်းတပ်က ဒေသခံများအား သတိပေးပြောဆိုမှုများ ပြုလုပ်ခဲ့သေးသည်။