ဒီဇင်ဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃)၊ မုန်းမြို့နယ်ရှိ စစ်ကောင်စီ၏တပ်စခန်း(၃)ခု အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်များက ဒီဇင်ဘာလ(၂၆)ရက်၊ ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်း များအား သိမ်းဆည်းရမိခဲ့ကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။
မုန်းမြို့နယ်ရှိ စစ်ကောင်စီ၏ လည်ပတ်တပ်စခန်း၊ အုန်းနဲပင်တပ်စခန်း၊ နရွဲပင်တပ်စခန်းများအား ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်ပြီး လက်နက်(၁၉)လက်နှင့် ခဲယမ်းများ ရရှိခဲ့သည့်အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ဦး သေဆုံးခဲ့သလို ပူးပေါင်း တပ်ဘက်မှလည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ထို့အပြင် ပူးပေါင်းတပ်များအနေဖြင့် နတ်သံကွင်းမြို့အတွင်းရှိ စစ်ကောင်စီ၏တပ်စခန်းများအား ဆက်လက်ထိုးစစ်ဆင်နွှဲနေသလို စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ပူးပေါင်းတပ်ဖွဲ့တွင် ပါဝင်သော ကျောင်းသားတပ်မတော်-ABSDF နှင့် နတ်သံကွင်းမြို့နေ ဒေသခံများကလည်း တော်လှန်ရေးအင်အားစုများက မြို့အတွင်း တိုက်ပွဲဆက်လက်ဆင်နွှဲနေပြီး မြို့မရဲစခန်းအား ဝိုင်းထားသည့်အနေအထားဖြစ်ကြောင်း ကေအိုင်စီသို့ ယနေ့ ပြောဆိုသည်။
စစ်ကောင်စီကိုထောက်ခံသည့် ဝါဒဖြန့် လူမူကွန်ရက်စာမျက်နှာနှင့် တယ်လီဂရမ်ချန်နယ်များတွင်မူ အဆိုပါတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှသေဆုံးမှုမရှိသော်လည်း ပူးပေါင်းတပ်ဘက်မှ အသေအပျောက်များနေသည်ဟု ဖြန့်ဝေရေးသားမှုများရှိနေသည်။



















