ဒီဇင်ဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
စစ်ရေးတင်းမာနေသည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် စစ်ရှောင်နေကြ သည့် စစ်ရှောင်နေအိမ် အလုံးပေါင်း ၃၀ ထက်မနည်း မီးလောင်ပျက်စီးလျက်ရှိသည်ဟု မြေပြင်သတင်း အရင်းအမြစ်များ၏ ပြောဆိုချက်အရ သိရသည်။
ကော့ကရိတ်မြို့ပေါ် နေအိမ်တချို့မှာ လက်နက်ကြီးထိမှန်ခြင်းကြောင့် မီးလောင်ကျွမ်းမှုရှိခဲ့သလို အချို့ နေအိမ်များမှာအကြောင်းအရင်းမသိဘဲ မီးလောင်ပျက်စီးခဲ့ရသည်ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ မြို့မှာ အိမ်တွေက ခဏခဏ မီးလောင်တယ်။ တချို့က သာမန်ရိုးရိုးမီးလောင်တာမဟုတ်ဘူး။ ရှို့မီးတွေပဲ ဖြစ်ဖို့များတယ်။ ဘာဖြစ်လဲဆိုတော့ လက်နက်ကြီးကျတာမရှိဘဲ မီးလောင်တာဆိုတော့လေ။ မနေ့တစ်နေ့က နေအိမ်မီးလောင်တဲ့ဘက်ခြမ်းမှာဆိုရင် စစ်တပ်ကလူတွေပဲ သွားလာလှုပ်ရှားတာရှိ တယ်။ အကြောင်းအမျိုးမျိုးတော့ရှိမယ်။ အခုဆို ကျနော်သိသလောက်ဆိုရင် အိမ်မီးလောင်တာ အလုံး ၃၀ ကျော်သွားပြီး။”ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့ ညအချိန်တွင်လည်း ကော့ကရိတ်မြို့ အမှတ်(၅)လှိုင်ကွက်သစ်တွင် လည်း လူနေအိမ် ၁၅ လုံးကျော် ထပ်မံမီးလောင်ခံရကာ အဆိုပါမီးလောင်ခံရသည့်ဖြစ်စဉ်ကို ကေအိုင်စီအနေဖြင့် စုံစမ်းအတည်ပြု၍ မရရှိသေးပေ။
ကော့ကရိတ်မြို့တွင် ယနေ့နံနက်အချိန်တွင်လည်း လက်နက်ကြီးလက်နက်ငယ်အသံများ ကြား နေရ ဆဲဖြစ်သလို စစ်ရှောင်အချို့သည် နေအိမ်ရှိပစ္စည်းများ ပြန်သယ်ယူကြသူများလည်းရှိကြောင်း ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။

“တချို့ရပ်ကွက်မှာဆိုရင် ပစ္စည်းပြန်သယ်တာတွေရှိတယ်။ တံတားဦးတို့ မြို့တွင်းဘက်တို့ သူတို့ အိမ်ပြန် ကြည့်တာ တွေရှိတယ်၊ သတိနဲ့ပြန်ရတာပေါ့။ ကျမတို့နေတဲ့ချောင်းတောင်ကွက်သစ်ကတော့ လုံးဝပြန် ဝင်မရဘူး။ အိမ်ကတော့ သူခိုးခြေရာတွေဖြစ်ကုန်ပြီး” ဟု ကော့ကရိတ်စစ်ရှောင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ကော့ကရိတ်မြို့တွင် ဒီဇင်ဘာလ (၁)ရက်နေ့မှစတင်၍ စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကြား တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားကာ မြို့လုံးကျွတ်နီးပါးလူထုများသောင်းချီထွက်ပြေးတိမ်းရှောင်နေရသည်။ တိုက်ပွဲကြောင့် စစ်ရှောင်နေအိမ်များ မီးလောင်ပျက်စီးမှုရှိသည့်အပြင် စစ်ကောင်စီမှ လက်နက်ကြီး၊ လက်နက်ငယ်၊ လေကြောင်းပစ်ကူမှုများကြောင့် ပျက်စီးသွားသည့်နေအိမ်နှင့်ဆိုင်ခန်းရာနှင့်ချီရှိကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် စစ်ရှောင်နေရသည့် ပြည်သူများသည် စစ်ရှောင်ကာလ တစ်လနီးပါးရှိလာပြီဖြစ်၍ ကုန် စျေးနှုန်းမြင့်တက်ခြင်းနှင့် အလှူရှင်များလည်းနည်းပါးလာခြင်းတို့ကြောင့် နဘူးနှင့် သာမည အနီးရှိ စစ်ရှောင်စခန်းအချို့တွင် စားနပ်ရိက္ခာ ပြတ်လပ်လာနေကြောင်းလည်း စစ်ရှောင်များထံမှ သိရသည်။



















