ဒီဇင်ဘာလ၁၂ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေ အတွင်းရှိ အာဏာသိမ်း စစ်ကောင် စီလက်အောက်ခံဝန်ထမ်းများအပါအဝင် ၎င်းတို့၏ မိသားစုဝင်များနှင့် စစ်ဘက်မှ သက်ဆိုင်သူများ အနေဖြင့် စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးထွက်ခွာရန် ဒီဇင်ဘာလ(၁၀)ရက်နေ့က အသိပေး ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ လုပ်ငန်းများမှ စွန့်ခွာပြီး ပြည်သူလူထုနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန်အပြင် စစ်ဘက်မှ တာဝန်ရှိသူများမှလည်း ပြည်သူလူထု၏ လုံခြုံရေးကို ရှေးရှု့ကာ ပြည်သူ့ဘက်သို့ ကူးပြောင်းခိုလှုံလာကြရန် KNUက တိုက်တွန်းထားခြင်းဖြစ်သည်။
KNU တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက “အခုလက်ရှိမှာဆိုရင် စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ အုပ်ချုပ်မှုတွေက မတည်ငြိမ်တော့ဘူး။ ကျနော်တို့ဘက်မှာကလည်း စစ်ဆင်ရေးတွေ ပိုပြီးတော့လုပ်ဆောင် လာပြီးဖြစ် တယ်။ အဲ့ဒါကြောင့် ကျနော်တို့ ထုတ်ပြန်ချက်ထုတ်တဲ့အချိန်က စပြီးသူတို့လာပူးပေါင်း ရမှာဖြစ်တယ်။ အကယ်၍ သူတို့ဘက်က လာရောက်ပြီး ပူးပေါင်းမှုမရှိဘူး ဆိုရင်တော့ သူတို့ ရှောင်တိမ်းရလိမ့်မယ်။”ဟု ကေအိုင်စီ သို့ ပြောသည်။
ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ ဒေါက်တိုင်ပျက်ဆီးရေးအတွက် ဆန့်ကျင်တော်လှန်ဆန္ဒပြနေကြသည့် လှုပ်ရှားမှုများတွင် နည်းမျိုးစုံဖြင့်ပါဝင်ပြီး တိုက်ပွဲဝင်ကူညီဆောင်ရွက်ပေးရန်အတွက်လည်း ထုတ်ပြန်ချက် အတွင်း ဆက်လက် တောင်းဆိုဖော်ပြထားသည်။
အဆိုပါ တပ်မဟာ(၁)နယ်မြေအတွင်းရှိ ပြည်သူများအပါအဝင်၊စစ်ကောင်စီ စစ်ဘက်၊အရပ်ဘက် ဝန်ထမ်း များနှင့်အတူ မည်သည့်အဖွဲ့အစည်းကိုမဆို KNUနှင့်အတူ ပူးပေါင်းကြရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ အပေါ် တွင်လည်း KNUမှချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း ဥပဒေနှင့်အညီ တာဝန်ယူမှု တာဝန်ခံမှုရှိစွာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



















