Home သတင်း တိုက်ပွဲကြောင့် မီးသွေးဝယ်ယူသူမရှိ၍ ကော့ကရိတ်မြို့နယ်အတွင်း မီးသွေးလုပ်ကိုင်သူများ အခက်ကြုံ

တိုက်ပွဲကြောင့် မီးသွေးဝယ်ယူသူမရှိ၍ ကော့ကရိတ်မြို့နယ်အတွင်း မီးသွေးလုပ်ကိုင်သူများ အခက်ကြုံ

329

ဒီဇင်ဘာလ ၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲပြင်းထန်လာပြီး လမ်းများပိတ်သည့်အတွက် ဒေသတွင်း မီး သွေးအရောင်းအဝယ်လုပ်ကိုင်သူများက လာရောက်ဝယ်ယူခြင်းမရှိသောကြောင့် တပိုင်တနိုင်မီး သွေးလုပ်ငန်း လုပ်ကိုင်သူများ အခက်ကြုံနေရသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

လက်ရှိ စက်သုံးဆီနှင့် အိမ်သုံးဂက်စ်များ ဝယ်ယူ၍ မရသည့်ကာလဖြစ်၍ မြို့များတွင် မီးသွေး စျေးနှုန်း တက်လာသော်လည်း လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် မီးသွေးလုပ်ငန်းလုပ်ကိုင်သည့် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးလက်နေရာအချို့တွင် လာရောက်ဝယ်ယူခြင်းမရှိတော့ကြောင်း မီးသွေးဖုတ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

၎င်းက “အခုက ဘယ်သူမှမီးသွေးလာမဝယ်တော့ဘူး။ အရင်တုန်းကဆိုရင် မီးသွေးဖိုကနေ မီးသွေး ထုတ်ပြီးဆိုရင်မကြာဘူး ငွေပေါ်ပြီး၊ ပိုက်ဆံရပြီး။ အခုက မီးသွေးက ဒီလိုပဲထားရတယ်။ ငွေလည်းမပေါ်တော့ အခက်အခဲရှိသွားတာပေါ့။ တိုက်ပွဲကြောင့်ဝယ်တဲ့လူတွေက မလာတော့ဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသတွင် စစ်တပ်အာဏာမသိမ်းခင်က မီးသွေးတစ်အိတ်လျှင် ၄,၀၀၀ ကျပ်မှ ၁၁,၀၀၀ ကျပ်အထိစျေးရရှိသော်လည်း ယခုအချိန်တွင် တစ်အိတ်လျှင် ၇,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ်အထိသာ စျေးရှိတော့ကြောင်း အဆိုပါ မီးသွေးဖုတ်လုပ်ငန်းလုပ်ကိုင်သူက ဆက်ပြောသည်။

ဖားအံမြို့ခံအမျိုးသမီးတစ်ဦးက”အခုရက်ပိုင်းကမီးဖိုချောင်သုံးပစ္စည်းတွေက အကုန်စျေးထိုးတက်တယ်။ အခု ရက်ပိုင်းက ပိုစျေးတက်တယ်။ ဂက်စ်တွေဆိုရင်လည်း မဝင်တော့ဘူး။ မီးကလည်းပုံမှန်မလာတော့ ဒီမှာချက်ပြုပ်တဲ့နေရာမှမီးသွေးကို အားကိုးရတယ်။ ဟိုရက်ကသွားဝယ်တာ မီးသွေးတစ်အိတ် ၁၃,၀၀၀ ပေးရပြီး”ဟု ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲနေ့စဉ်လိုလိုဖြစ်ပွားနေသည့် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြို့ထဲမှ လာသည့် အခြေခံစားသောက်ကုန်စျေးနှုန်းအလွန်ကြီးမြင့်သော်လည်း ဒေသထွက်သီးနှံစျေးနှုန်းမှာ စျေးမရှိသည့်အတွက် ကျေးလက်နေ ပြည်သူများမှာ လူမှုဘဝရပ်တည်ရေး ပို၍ခက်ခဲကြပ်တည်းလာသည်ဟု သိရသည်။

ယခုလ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကရင်ပြည်နယ် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာများတွင် စားသုံးဆီ ၁ လီတာ ၅,၀၀၀ ကျပ်ရှိရာမှ ယခု ၆,၀၀၀ ကျပ်၊ စက်သုံးဆီ ၁ လီတာ ၃,၀၀၀ ကျပ်ရှိရာမှ ယခု ၇,၀၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၄,၅၀၀ ကျပ်ရှိရာမှ ၅,၅၀၀ ကျပ်အထိစျေးထိုးတက်ကာ တချို့နေရာများတွင် စားသုံးဆီနှင့် စက်သုံးဆီများဝယ်ယူ၍ မရတော့ကြောင်း ဒေသခံများက ပြောဆိုကြသည်။