Home သတင်း ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်း၌ မနေရဲတော့ဘဲ ပုန်းခိုနေရ

ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်း၌ မနေရဲတော့ဘဲ ပုန်းခိုနေရ

1483

ဒီဇင်ဘာလ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ-၆၊ ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီ တပ်ဖွဲ့သည် တော်လှန်းရေးပူးပေါင်းတပ်များက ဒရုန်းနှင့် လက်နက်ကြီးများ နေ့စဉ်လိုလို သွားရောက်တိုက်ခိုက်သဖြင့် လက်ရှိတွင် စခန်းထဲ၌ မနေရဲတော့ဘဲ စခန်းအပြင်ဘက်ကို ပုန်းခိုနေထိုင်ကြရကြောင်း ဒေသခံများက ပြောသည်။

ကျိုက်ဒုံမြို့ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦး‌ဆောင် သည့် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်များက ယခုလဆန်းပိုင်းမှစ၍ နေ့စဉ်လိုလို ပစ်ခတ်တိုက် ခိုက်မှုလုပ်ဆောင်သဖြင့် ၎င်းတို့တပ်ဖွဲ့ဝင်များ အထိအခိုက်များပြား၍ စခန်းထဲ၌ နေထိုင်၍မရဲတော့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦး ယခုလိုပြောသည်။

” ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တယ်။ စစ်ကောင်စီတပ်တွေတော့ စခန်းကြီးထဲမှာ ထိခိုက်ဒဏ်ရာရပြီးတော့ မ‌ရှိတော့ဘူး။ အပြင်မှာ လိုက်ပြေးနေကြတယ်။ တော်တော်လေးထိခိုက်နေကြပြီး”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အလားတူ ကျိုက်ဒုံမြို့တွင် မြို့သိမ်းတိုက်ပွဲများဖော်ဆောင်မည့် သတင်းများထွက်ပေါ်လာသည့်အတွက် ဒေသခံအားလုံးနီးပါးလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “မြို့သိမ်းတိုက်ပွဲလုပ်မယ့်အနေအထားပဲ။ ဒေသခံအားလုံးနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်ကြပြီး။ နေ့တိုင်းတော့ပစ်ခတ်မှုရှိနေတယ်”ဟု ပြောသည်။

ကျိုက်ဒုံမြို့တွင် တပ်အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် တော် လှန်ရေးပူးပေါင်းတပ်များဝိုင်းထားကာ တိုက်ခိုက်နေသော်လည်း စစ်ကောင်စီတပ်မှ ခြေလျင်စစ်ကြောင်းများ လာရောက်စစ်ကူပေးနိုင်ခြင်းမရှိတော့ကြောင်း နယ်ခံစစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ထို့အပြင် ကျိုက်ဒုံမြို့နည်းတူ ကော့ကရိတ်မြို့တွင်လည်း မြို့တွင်းတိုက်ပွဲများကို ဒီဇင်ဘာလ ၁ရက်နေ့မှ စ၍ ယနေ့အချိန်ထိ ဆက်လက်ဖြစ်ပွားနေ‌ပြီး ဖုန်းဆက်သွယ်ရေးလိုင်းများအားလုံး ပြတ်တောက်ခံနေရကြောင်း ‌သိရသည်။