Home သတင်း ထားဝယ်မြို့နယ်တွင် ရဲစခန်းနှင့် ရပ်ကွက် ထောက်ခံစာ သွားယူပါက ငွေကြေးများပေးဆောင်ရ

ထားဝယ်မြို့နယ်တွင် ရဲစခန်းနှင့် ရပ်ကွက် ထောက်ခံစာ သွားယူပါက ငွေကြေးများပေးဆောင်ရ

2891

နိုဝင်ဘာလ၂၇ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ရဲစခန်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ထောက်ခံစာ များသွားရောက်ယူဆောင်ပါက မဖြစ်မနေ ငွေကြေးပေးဆောင်နေရကြောင်း ဒေသခံများက ပြောသည်။

ထောင်ဝင်စာတွေ့ဆုံနိုင်ရန်အတွက် မြို့နယ်ရဲစခန်း ထောက်ခံစာနှင့် ရပ်ကွက်ထောက်ခံစာများ သွားရောက် လုပ်ဆောင်ရာတွင် ရပ်ကွက်နေဒေသခံများအနေဖြင့် (၅,၀၀၀)ကျပ်မှ (၁၀,၀၀၀)ကျပ်ထိ မဖြစ်မနေ ပေးဆောင်နေရကြောင်း ထားဝယ်မြို့နေ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ကျမတို့က ထောင်ဝင်စာသွားသွားတွေ့နေတော့ အမြဲလုပ်ရတယ်။ တစ်ခါသွားလုပ်ရင် ငါးထောင်ပေးရတယ်။ မပေးရင်မလုပ်ပေးဘူး။ အဲ့တာလုပ်ပြီး သွားတွေ့ရင် ထောင်မှာ မိနစ်(၂၀)ပဲ စကား ပြောရတာ။ အခုနောက်ပိုင်းမှ အဲ့လိုတွေဖြစ်လာတာ။ အရင်ကဆို ဘာကြေးမှ မပေးရဘူး။ လာဘ်စားတာတွေ ပိုများလာတယ်။ ထားဝယ်မှာက အလုပ်လုပ်ရင်တောင် တစ်ရက်ငါးထောင် မရဘူး။” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။

အလားတူ ထားဝယ်ခရိုင်၊ ပုလောမြို့နယ်ရှိ ကျေးရွာများတွင်လည်း မြို့ပေါ်သို့သွားရောက်မည် ဆိုပါက ကျေးရွာ ရပ်ကွက်ထောက်ခံစာများကို အုပ်ချုပ်ရေးမှူးရုံးများတွင် ငွေကြေးများ ပေးဆောင်ကာ သွားရောက်လုပ်ဆောင် နေရပြီး ရပ်ကွက်ထောက်ခံစာ မပါရှိပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီခြိမ်းခြောက်ငွေညှစ်ခံမှုများ ကြုံတွေ့ရကြောင်း ပုလောဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ပုလော ဒေသခံတစ်ဦးက “ပုလောမြို့ဘက်မှာ ထက်ရွာတွေက ပိုလုပ်ရတယ် ထောက်ခံစာကို။ သူတို့မြို့တက်လာပြီးဆိုရင် ထောက်ခံစာမပါရင် ဂိတ်က စစ်သားတွေက ငွေညှစ်ပြီးဆိုပေးရတယ်။ တစ်ခါ တလေ ထောက်ခံစာပါရင်တောင် ရစ်ပြီးတော့ ငွေပေးရတယ်။ နှစ်ခါကုန်တာပေါ့။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အတူ ထားဝယ်မြို့နှင့်မြိတ်မြို့တို့တွင် ယခင်ကတစ်လတစ်ခါ ဧည့်စာရင်း တိုင်ရသော်လည်း ယခု နောက်ပိုင်း တွင် တစ်ပတ်တစ်ကြိမ် ရပ်ကွက်ရုံးသို့ သွားရောက်ဧည့်စာရင်းတိုင်နေရပြီး ဧည့်စာရင်းတိုင်ရာတွင်လည်း ငွေ(၅,၀၀၀)ထိ ပေးဆောင်နေရကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

လတ်တလော ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများတွင် တိုက်ပွဲများပိုမိုဖြစ်ပွားလာပြီး ဒေသခံများအနေဖြင့် နီးစပ်ရာမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်နေထိုင်ကြရာတွင် အိမ်ခန်းငှားမရသည့် အခက်အခဲများနှင့် ကြုံတွေ့ နေကြရကြောင်းလည်း ဒေသခံစစ်ဘေးရှောင်များက ပြောဆိုကြသည်။