Home သတင်း မြဝတီရှိ စစ်ကောင်စီဝန်ထမ်းများ အရပ်ထဲအိမ်ငှားပြီး ရုံးလုပ်ငန်းဆက်လုပ်ရန် လုပ်ဆောင်နေ

မြဝတီရှိ စစ်ကောင်စီဝန်ထမ်းများ အရပ်ထဲအိမ်ငှားပြီး ရုံးလုပ်ငန်းဆက်လုပ်ရန် လုပ်ဆောင်နေ

876

နိုဝင်ဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် နယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းများသည် ယခု ရက်ပိုင်းအတွင်း လူနေရပ်ကွက်ထဲက အိမ်ခန်းများငှားရမ်းပြီး ရုံးလုပ်ငန်းဆက်လုပ်ကြရန် လုပ်ဆောင် နေမှုများရှိနေသည်ဟု စစ်ကောင်စီဌာနဆိုင်ရာနှင့် နီးစပ်သူသတင်းအရင်း အမြစ်များက ပြောသည်။

ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီဝန်ထမ်းများ ထွက်ခွာသွားရန် ပြီးခဲ့သည့် နိုဝင်ဘာ လ ၁၇ရက်နေ့တွင် KNU-ကရင်အမျိုးသားအစည်းအရုံးက သတိပေးစာထုတ်ပြန်ခဲ့ပြီးနောက် မြဝတီမြို့ရှိ စိုက်ပျိုးရေး၊ ဆည်မြောင်း၊ သစ်တော၊ လျှပ်စစ် နှင့် စည်ပင် စသည့် ဌာနဆိုင်ရာမှ စစ်ကောင်စီ ဝန်ထမ်းများက ယခုလိုလုပ်ဆောင်လာခြင်းဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

စစ်တပ်ရုံးဌာနနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုက “မြဝတီရပ်ကွက်တွေထဲ အိမ်လိုက်ငှားနေကြတယ်။ ဝန်ထမ်းတွေ၊ ရုံးတွေ သူတို့လိုင်းခန်းတွေမှာ မနေရဲ ကြဘူး။ CDM လည်း မလုပ်ရဲကြဘူး။ စစ်တပ်က ခိုင်းတာကို ဆက်လုပ်ဖို့ နေရာပြောင်းနေကြတယ်။ သူတို့ ဌာနလူကြီးတွေကတော့ ဖားအံ ရုံးတွေမှာ တွဲဘက်ရုံးထိုင်နေကြတယ်။ လက်အောက် ဝန်ထမ်း တွေကိုတော့ အဆင်ပြေရာကနေရုံးအလုပ်ဆက်လုပ်ဖို့ ညွှန်ကြားထားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အတူ ကော့ကရိတ်၊ ကျုံဒိုးမြို့ဘက်တွင်လည်း စစ်ကောင်စီ ဝန်ထမ်းများ အနေဖြင့် ရုံးများ ပိတ်ထားသော်လည်း ဒေသခံဝန်ထမ်းများမှာ ရှောင်တိမ်းနေထိုင်ရာနေရာများမှ ရုံးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေကြသူများ ဆက်ရှိနေပြီး နယ်ခံဒေသခံမဟုတ်သည့်ဝန်ထမ်းများမှာ တိမ်းရှောင် နေထိုင် နေကြကြောင်း သိရသည်။

“ဌာန လူကြီးတွေက ဖားအံ ပြည်နယ်ရုံးဘက် ဆင်းရှောင်ပြီး။ အဲ့ဒီကနေ ရုံးတက်နေကြတယ်။ ဌာနေ ဝန်ထမ်းတွေကရုံးပိတ်ပြီး ရှောင်နေတဲ့ နေရာတွေကနေ သတင်းပို့ စနစ်နဲ့ ရုံးတက်နေတယ်။ စစ်ဆေးရေးဂိတ်တွေ အလှည့်ကျဝင်ငွေရဖို့ ဂိတ်ငွေကောက်တာ ဆက်လုပ်နေကြတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ ကုန်သည်တွေဆီကနေ လိုင်းကြေး ဆက်ကောက်နေကြတယ်။ တိုက်ပွဲဖြစ်လာ ရင်တော့ ကိုယ့်အခြေအနေကိုယ်ကြည့်ရှောင်ပြီး ငွေရှာနေကြတယ်”ဟု မြဝတီ-ဖားအံ လမ်းမပေါ်ရှိ စစ်ရေးဂိတ်များတွင် တာဝန်ကျနေသည့် စစ်ကောင်စီဝန်ထမ်းများနှင့်နီးစပ်သည့် သတင်းအရင်း အမြစ်က ပြောသည်။

Photo: CJ

အလားတူ ဖားအံမြို့ဘက်တွင်လည်း စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာအရာရှိများကို သေနတ်ပစ်ခတ် သင်တန်းများနှင့် ဌာနဝန်ထမ်းများကို မိုင်းအသိပညာပေးနှင့် စစ်ရေးလုံခြုံရေး သင်တန်းများ လုပ်ဆောင် ပေးနေကြောင်း နီးစပ်သူများထံမှ သိရှိရသည်။

ထို့အပြင် ဖားအံမြို့ အထင်ကရ နေရာများ၊ အထပ်မြင့်လူနေအိမ်ရာများ၊ ဘုရားကုန်းများတွင် စစ်တပ်၊ နယ်ခြားစောင့်တပ်-BGFတပ်များ နေရာယူထားပြီး မြိုင်ကလေးဘိလပ်မြေ စက်ရုံဘက်တွင်လည်း စက်ရုံ ဝန်ထမ်းများဖြစ်ကြသည့် စစ်မှုထမ်းဟောင်းများအား လက်နက်တပ်ဆင်ပေးထားကာ ၂၄ နာရီ အလှည့် ကျရပ်ကင်း၊ ဝပ်ကင်းနှင့်ပတ်ကင်းများ လုပ်ဆောင်ခိုင်းထားကြောင်း မြိုင်ကလေးနှင့် ဖားအံ ဒေသခံများက ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ဝေါလေ၊ စုကလိ၊ ကျုံဒိုး ဒေသများတွင် စစ်ကောင်စီအရပ်ဖက် အုပ်ချုပ်ရေးဌာနနှင့် လက်အောက်ခံဌာနဆိုင်ရာ ရုံးလုပ် ငန်းများ ရပ်ဆိုင်းနေပြီး စစ်တပ်၊ စစ်စခန်းကုန်း၊ စစ်ကတုတ်များနှင့် ရဲစခန်းများသာ ကျန်ရှိနေကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းမဟာမိတ်စစ်ရေး နယ်မြေသတင်းအရင်းအမြစ်များက ပြောသည်။