Home ဆောင်းပါး စိတ်ဓာတ်ပျက်ပြားနေတဲ့ရန်သူကို အလျင်အမြန် တိုက်ကြစို့

စိတ်ဓာတ်ပျက်ပြားနေတဲ့ရန်သူကို အလျင်အမြန် တိုက်ကြစို့

1572
Photo: Crd.

စိတ်ဓာတ်ပျက်ပြားနေတဲ့ရန်သူကို အလျင်အမြန် တိုက်ကြစို့
မောင်ကျော်စွာ
(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်)

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ရက်နေ့က စတင်ပြီး ဆင်နွှဲလာတဲ့ မြောက်ပိုင်းအင်အားစုများရဲ့ တိုက်ပွဲတွေဟာ ရက်သတ္တပတ် ၂ပတ် ရှိလာပါပြီ။ မြောက်ပိုင်းအင်အားစုတွေအနေနဲ့ အောင်ပွဲတွေ ဆက်တိုက် ဆင့်ကာဆင့်ကာ ရရှိနေ တယ်။

နေ့စဉ်သတင်းစာတွေထဲမှာ ဖော်ပြထားတဲ့ (စကစ)စစ်အုပ်စု ပြောခွင့်ရ ဇော်မင်းထွန်းအပြောရဆိုရင် “မုံးကိုးနဲ့ ချင်းရွှေဟော်”တို့ကို သူတို့ လက်လွှတ်လိုက်ရပြီ။ သိမ်းပိုက်ခံလိုက်ပြီ။ “သိန္ဒီမြို့” ဟာလည်း သူတို့အုပ်ချုပ်မှုအောက်မှာ မရှိတော့ဘူး။ စစ်ကိုင်းတိုင်းထဲမှာလည်း “ကောလင်း၊ ကသာ၊ ထီးချိုင့်” တို့ဟာ သူတို့လက်လွှတ်ရတော့မယ့် အသည်း အသန် အနေအထား ဖြစ်နေပုံပေါ်တယ်။ “ကွမ်းလုံ” မကျရေးအတွက် အသေအလဲ ခုခံနေရတယ်လို့ ထည့်မပြောရုံတ မယ် ပြောသွားတာကို သတိပြုမိပါတယ်။

အင်မတန်သေချာတဲ့အချက်က တရုတ်ပြည်အကူအညီနဲ့ တည်ဆောက်ထားတဲ့ ကွမ်းလုံတံတားသစ် ဖွင့်လှစ် ဖို့ သတ်မှတ်စီစဉ်ထားတဲ့ရက်မှာ ဖွင့်လှစ်ခြင်း မပြုနိုင်တဲ့ကိစ္စပါပဲ။ ဒီအချက်က အရှေ့မြောက်က တိုက်ပွဲတွေရဲ့ အတိုင်း အတာနဲ့ သက်ရောက်မှုကို ဖော်ပြနေပါတယ်။ (၁၁ – ၁၁- ၂၀၂၃) ရက်နေ့မှာ ကွမ်းလုံတံတားသစ်ဖွင့်ပွဲ ပြုလုပ်ဖို့ စီစဉ် ထားကြောင်း (၈-၁၁-၂၀၂၃)ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာလုံ) အစည်း အဝေး (၃/၂၀၂၃)မှာ မင်းအောင်လှိုင်က ထည့်ပြောထားပါတယ်။

တိုက်ပွဲတွေအတွင်းမှာ (စကစ)စစ်အုပ်စုအတွက် အဆုံးအရှုံးတွေ အင်မတန်မှ များပါတယ်။ သူတို့ အုပ်ချုပ် ထားတဲ့မြို့တွေ ဝင်ရောက်စီးနင်းတာ ခံရတယ်။ တပ်စခန်း အများအပြား သိမ်းပိုက်ခံရတယ်။ တင့်ကားနဲ့ အပေါ့စား သံချပ်ကာကား အပါအဝင် လက်နက်ခဲယမ်းမျိုးစုံ ဆုံးရှုံးရတယ်။ သေကြေဒဏ်ရသူ၊ ထွက်ပြေးသူ၊ လက်နက်ချသူ အဖမ်းခံရသူ အရေအတွက်လည်း အင်မတန်မှ များတယ်။

ဒီလိုရှေ့တန်းစစ်မျက်နှာက တိုက်ပွဲတွေရဲ့ဂယက်က နောက်တန်းက (စကစ)စစ်အုပ်စုရဲ့တပ်တွင်းကို ကျယ် ပြန့်စွာ ရိုက်ခတ်သက်ရောက်နေပါတယ်။ တချို့တပ်တွေမှာ ဒရုန်းရန်ကာကွယ်ဖို့ ဗုံးခိုကျင်းတူးရတာတွေ၊ ရဲဘော်မိန်းမ တွေပါ ကင်းစောင့်ရတာတွေ၊ ပဋ္ဌာန်းအစရှိတဲ့ အန္တရာယ်ကင်းပရိတ်တွေ ညစဉ် ရွတ်ရတာတွေ၊ ဆုတောင်းတွေ၊ ယတြာတွေ အမျိုးစုံလုပ်ရတာတွေ စသဖြင့် ဒီအချက်တွေက သူတို့နောက်တန်းတပ်တွင်းမှာ ရုတ်ရုတ်သဲသဲဖြစ်နေပြီး တိုက်စိတ်ခိုက်စိတ် ပျက်ပြားနေတာ အင်မတန်မှ ထင်ရှားပါတယ်။

ဒီအချက်က သူတို့တပ်တွင်းက အဆင့်ဆင့်သော သူတို့စစ်ဗိုလ်တွေ၊ အကြပ်၊ တပ်သားတွေထဲမှာ သူတိုက် ခိုက်နေရတဲ့ စစ်ရဲ့ရည်မှန်းချက်နဲ့ပတ်သက်ပြီး သံသယကြီးမားလာတာ တနည်းအားဖြင့် ယုံကြည်မှု ပျက်ပြယ်လျော့ပါး လာတာကို ဖော်ပြနေတာပါပဲ။ ဒါဟာ တကယ်တော့ သူတို့အထက်ကို အထူးသဖြင့် ခေါင်းဆောင်နေတဲ့ စစ်ဗိုလ်ချုပ် တွေအပေါ် အယုံအကြည် ကင်းမဲ့လာနေတာကို ဖော်ပြတာပါ။

ဒီလို အယုံအကြည်ကင်းမဲ့လာနေတာဟာ အကြောင်းအချက်မဲ့ မဟုတ်ပါဘူး။
ပထမအချက်က ထိပ်သီးစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ မိသားစုဆွေမျိုးတွေဟာ ထားစရာမရှိအောင် ချမ်းသာကြွယ်ဝ လာနေတဲ့အချက်ကို သူတို့အထင်အရှား တွေ့မြင်နေရခြင်းနဲ့ သူတို့အောက်ခြေ တပ်ဗိုလ်တပ်သား အများစုကတော့ စစ်ဗိုလ်ချုပ်ကြီးတွေ စွန့်ကြဲသလောက် အရိုးအရင်းလေးကိုသာ ခွဲဝေစားကြရပြီး အထက်က အမိန့်/ညွှန်ကြားချက်ဆို တဲ့နှောင်ကြိုးနဲ့ အတင်းအဓမ္မစေလွှတ်တဲ့ ရှေ့တန်းမှာ သေကြေဒဏ်ရာရကြရတဲ့ ပကတိဖြစ်ရပ် ၂ခုအကြားက ကြာလေကြာလေ ကြီးမားများပြား ကျယ်ပြန့်လာနေနဲ့ ကွာဟချက် ချောက်ကမ်းပါးကြီးကို အထင်အရှား တွေ့မြင် သဘောပေါက်လာကြလို့ပါပဲ။

ဒုတိယအချက်ကတော့ “မဲမသမာမှု အကြောင်းပြချက်နဲ့ အာဏာသိမ်းပိုက်မှု” ပါပဲ။ ဒီ အာဏာသိမ်းပိုက်မှု အကြောင်းအချက်က အောက်ခြေတပ်ဗိုလ်တပ်သားတွေကို ပြည်သူတွေနဲ့ အိုးမဲသုတ် သွေးခွဲ ရန်တိုက်ပေးတာဖြစ်ပြီး လက်နက်မဲ့၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ပြည်သူတွေကို ပစ်ခတ်နှိမ်နင်းခိုင်းတဲ့ကိစ္စတွေနဲ့ ဒီကနေ့ တောင်ပေါ်မြေပြန့် နေရာဒေသတိုင်းမှာ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေတာတွေ၊ လေယာဉ်၊ လက်နက်ကြီး များနဲ့ မဆင်မခြင် ဗုံးကြဲပစ်ခတ် တိုက်ခိုက်နေရတဲ့ကိစ္စတွေကြောင့် ပြည်သူတွေခံစားရတဲ့ စစ်ဘေးဒုက္ခအဝဝကို အထက်အမိန့်ကိုနာခံပြီး လက်တွေ့ လုပ်ဆောင်နေကြရတဲ့ အောက်ခြေက တပ်ဗိုလ်တပ်သားတွေ ကိုယ်တိုင် သိမြင်ခံ စားလာကြရလို့ပါပဲ။

တတိယအချက်ကတော့ “စိုးထွဋ် – မိုးမြင့်ထွန်း” တို့လို ထိပ်သီးစစ်ဗိုလ်ချုပ်ကြီးတွေ ကျူးလွန်ကြတဲ့ အကျင့် ပျက် ချစားမှုကြီး ပေါ်ထွက်လာတာကြောင့်ပါပဲ။ ဒီလို ထိပ်သီးစစ်ဗိုလ်ချုပ်ကြီးတွေ ထမင်းစား ရေသောက်သဖွယ် ကျူး လွန်နေကြတဲ့ အကျင့်ပျက် ချစားမှုကြီးတွေက အခုမှ ရှိလာတာတော့ မဟုတ်ပါဘူး။ စစ်အုပ်စုအဆက်ဆက် အမြစ် တွယ် ဖြစ်တည်လာခဲ့တာပါ။ ဒါ့အပြင် ကာချုပ်မင်းအောင်လှိုင် အပါအဝင် ဘယ်သူမဆို ဒီလို အကျင့်ပျက်ချစားမှုတွေ မကင်းဘူးဆိုတာလည်း သူတို့သိထားကြပြီးဖြစ်ပါတယ်။

သို့သော်လည်း အဓိကပြဿနာက (စကစ) စစ်အုပ်စုက “မဲမသမာမှု” အပါအဝင် အခြား လုပ်ကြံဖန်တီးထား တဲ့ စွပ်စွဲထား၊ ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ ဟာ လက်ရှိ (စကစ)စစ်အုပ်စု ထိပ်သီးစစ်ဗိုလ်ချုပ်ကြီးတစ်စုနဲ့စာရင် ဖြောင့်မတ်စင်ကြယ်တယ်၊ တိုင်းပြည်ဘဏ္ဍာ ဥစ္စာကို သူတို့တစ်ဦးချင်းအကျိုး၊ သူတို့မိသားစု သားသမီးဆွေမျိုးများအကျိုး တစိုးတစိမှ ယူငင်ချင်း တလွဲအသုံးချခြင်း မရှိဘူး ဆိုတဲ့အချက်ကို နှိုင်းယှဉ်သိရှိလာကြလို့လည်း ဖြစ်ပါတယ်။

စတုတ္ထအချက်ကတော့ ရရာလက်နက်စွဲကိုင်ပြီး ရဲရင့်တဲ့ စွန့်လွှတ်စွန့်စားမှုနဲ့ စစ်မျက်နှာအနှံ့အပြားမှာ တိုက်ပွဲ ဝင်နေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့အသီးသီးက မျိုးဆက်သစ်လူငယ်များရဲ့တိုက်ပွဲဝင်မှုများကြောင့်ပါပဲ။ စစ်ပွဲရဲ့ အခြေခံ ဟာ တိုက်ပွဲပါပဲ။ အောင်ပွဲခံရေးဟာ တိုက်ပွဲမရှိဘဲ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အခု မြန်မာပြည်အနှံ့အပြားက တိုက်ပွဲ တွေကိုပဲကြည့်ပါ။ ဒီတိုက်ပွဲတွေမရှိဘဲ၊ ဒီလိုတိုက်ပွဲတွေမတိုက်ဘဲ ဘယ်လိုအောင်ပွဲကိုမှ မျှော်မှန်းစိတ်ကူးယဉ်နေလို့ မရနိုင်ပါဘူး။

တိုက်ပွဲတွေအတွက် အောင်ပွဲခံမှုဆိုတာတွေဟာလည်း မှန်ကန်တဲ့ သေနင်္ဂဗျူဟာ ညွှန်ကြားမှု၊ မှန်ကန် လျင်မြန်ပြီး ပါးနပ်ကျင်လည်တဲ့ စစ်နည်းပရိယာယ်များနဲ့သာလျှင် ရရှိနိုင်ပါတယ်။ လက်တွေ့မှာလည်း ပြည်သူတွေဟာ ကျနော်တို့ဘက်မှာရှိနေပြီ။ ကျနော်တို့ကိုယ်တိုင်လည်း ရရာလက်နက်စွဲကိုင်ပြီး မိမိရောက်ရှိတဲ့ စစ်မျက်နှာကနေ ရန်သူကို ပြတ်ပြတ်သားသား တိုက်ခိုက်နေကြပြီဆိုရင် အဆုံးသတ်အောင်ပွဲကို ကျနော်တို့ ဘာလို့မရနိုင်ရမှာလဲ။

ကျနော်တို့မှာ လိုအပ်နေတာ တိုက်ပွဲဝင်အင်အားစုအချင်းချင်း ဟန်ချက်ညီညီ ချိတ်ဆက်တိုက်ပွဲဝင်နိုင်ကြဖို့ပါ ပဲ။ တစ်ဒေသကိုတိုက်နေချိန်က အခြားတစ်ဒေသက ငြိမ်သက်နေတာမျိုးဟာ ရန်သူ့အတွက် အသက်ရှူပေါက်ရရှိစေပါ တယ်။ လေယာဉ်၊ လက်နက်၊ လူသူအင်အားကို လိုသလို စီမံလှုပ်ရှားနိုင်စေပါတယ်။ ဒါကြောင့် စစ်မျက်နှာ အသီးသီး ကနေ ဘုံရန်သူကို ဟန်ချက်ညီတိုက်ခိုက်ကြဖို့၊ ဘုံရန်သူကို တော်လှန်သူချင်း ချိတ်ဆက်မိမိ ပူးပေါင်းဆက်သွယ်တိုက် နိုင်ကြဖို့သာ လိုအပ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ရန်သူ့ရဲ့ ပျော့ကွက်အားနည်းချက်ဟာ ကျနော်တို့အောင်ပွဲအတွက် အခြေခံအကျဆုံး အာမခံချက်ပါပဲ။ အဲဒီ ပျော့ကွက် အားနည်းချက်ကို ကျနော်တို့ရဲ့အင်အားနဲ့ စုစည်းပြီး အပြတ်သားဆုံး တိုက်ခိုက်နိုင်ကြဖို့ပဲ။ စစ်ပါရဂူ ဆွန်ဇူး ရဲ့စကားအတိုင်းဆိုရင်တော့ ကြက်ဥတွေပေါ်ကို ဓားသွေးကျောက်ပစ်ချလိုက်သလို တိုက်ခိုက်နိုင်ကြဖို့ပါပဲ။
အောင်ပွဲရဲ့အာမခံချက်ဟာ တိုက်ပွဲသာဖြစ်တယ်။ တိုက်ပွဲသာလျှင် အောင်ပွဲခံရေးအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်။