နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ သထုံမြို့နယ် မင်းလွင်ကျေးနယ် ပိန္နဲတောကျေးရွာတွင် ယမန်နေ့နိုဝင်ဘာလ ၁၀ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒေသခံ ၂ ဦးသေဆုံးရပြီး ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံထံမှ သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ဒရုန်းဖြင့် ပစ်ခတ်မှုကို စစ်ကောင်စီဘက်က လက်နက်ကြီးများနှင့် တုန့်ပြန် ပစ်ခတ်မှုများ လုပ်ဆောင်သည့်အတွက် လူနေအိမ်အနီးတွင် လက်နက်ကြီး ကျရောက် ပေါက်ကွဲ၍ ယခုလို ဒေသခံများထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ဒေသခံတစ်ဦးက “မနေ့က အထက်ပိန္နဲတောမှာ နေခင်းပိုင်းမှာဖြစ်တာ။ အဲဒီသေဆုံးသွားတဲ့အဖိုးဆိုရင် သူ့အိမ်က စစ်တပ်စခန်းနဲ့သိပ်မဝေးဘူး။ ဆီကြိတ်နေတော့ လူတွေရှိတယ်။ အဲဒီမှာ လက်နက် ကြီးကျတော့ ထိသွားတယ်။ ထိခိုက်ဒဏ်ရာရှိတဲ့လူက (၅)ဦးရှိတယ်။ သေဆုံးသွားတဲ့ အဖိုးနဲ့ နောက်ထပ် အမျိုးသားတစ်ဦးက ဒီနေ့ အသုဘချမယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒေသခံအချို့သည် ကျေးရွာထဲတွင် နေထိုင်မရဲကြတော့ဘဲ နီးစပ်သည့် မင်းလွင်တောင်လှိုဏ်ဂူထဲ၌ သွားရောက်တိမ်း ရှောင်နေခဲ့ရကြောင်းလည်း ဒေသခံများက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် လက်ရှိရော်ဘာခြစ်သည့် ရာသီ တွင် ထိုဒေသအတွင်းရှိ ဒေသခံများသည် ခြံထဲသို့သွားကာ ရော်ဘာမခြစ်ရဲကြတော့သလို ရွာထဲရှိ ကျန်ရှိသည့်ဒေသခံအချို့သည်လည်း အကာအကွယ်ယူ၍ ရသည့် အိမ်အောက်ထပ်တွင် ခိုလှုံနေရကြောင်းလည်း ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။
ပိန္နဲတော စစ်စခန်းရှိ စစ်ကောင်စီတပ်သည် အနီးအနားကျေးရွာများထဲသို့ နေ့စဉ်လိုလို လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံအရပ်သားပြည်သူထိမှန်သေဆုံးမှုလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလကလည်း ပိန္နဲတော အလယ်ရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ၁၃နှစ်အရွယ် ကလေးတစ်ဦးနှင့် ၃၈နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသေးသည်။
ကေအဲန်ယူ တပ်မဟာ(၁) နယ်မြေတွင် ယခုလပိုင်းတွင် စစ်ကောင်စီ စစ်ကြောင်းထိုး လှုပ်ရှားမှုနည်းလာသော်လည်း နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးပစ်ခတ်မှု မကြာခဏလုပ်ဆောင်လျက်ရှိကြောင်း နယ်မြေခံကေအဲန်ယူ တာဝန်ရှိသူ၏ ပြောဆိုချက်အရ သိရသည်။



















