Home သတင်း KTLA သည် KNU/KNLA ကို ဆန့်ကျင်တိုက်ခိုက်သည့် အဖွဲ့မဟုတ်ကြောင်း သဘောထားထုတ်ပြန်

KTLA သည် KNU/KNLA ကို ဆန့်ကျင်တိုက်ခိုက်သည့် အဖွဲ့မဟုတ်ကြောင်း သဘောထားထုတ်ပြန်

1998

နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကော်သူးလေအာမီ -KTLA ကို ဖွဲ့စည်းတည်ထောင်ခြင်းသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး / ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) ကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် မဟုတ်ကြောင်း အဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်စောနယ်ဒါးမြ လက်မှတ်ထိုး၍ ယမန်နေ့ နိုဝင် ဘာလ ၁၁ ရက်နေ့တွင် သဘောထား ထုတ်ပြန်လိုက်သည်။

KTLA တပ်ဖွဲ့သည် တစ်နိုင်လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် -NCA၏ ချုပ်နှောင် ခံရမှုမရှိဘဲ လွတ်ကင်းစွာဖွဲ့စည်းတည်ထောင်ထားသည့် အဖွဲ့အစည်းဖြစ်သလို ကော်သူးလေ နယ်မြေ အတွင်းရှိ စစ်ကောင်စီတပ်ကို ဆန့်ကျင်တော်လှန်သွားရန်အတွက်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြက“ ဒီထုတ်ပြန်ချက်က ကျနော်တို့သဘောထားကို သိစေချင် လို့ ဖြစ်တယ်။ အဖွဲ့အစည်းအတွက် တစ်ခုထဲမဟုတ်ဘဲ ကျနော်တို့တစ်မျိုးသားလုံးအတွက် လုပ်တာဖြစ် တာကို ပေးသိချင်လို့ ဖြစ်တယ်။ ကျနော်တို့ တစ်မျိုးသားလုံးအတွက်စည်းလုံးညီညွတ်မှုနဲ့ တိုးတက်ဖို့ အတွက် ရည်မှန်းထားတာဖြစ်တ။ ကျနော်တို့ရည်မှန်းချက်၊ ရပ်တည်ချက်တွေကို သိစေချင် လို့ဖြစ် တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

KTLA အနေဖြင့် ကော်သူးလေ ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို တွန်းလှန်တိုက်ထုတ် သွား မည်ဖြစ်သည့်အတွက်ကြောင့် KNU/KNLA လက်အောက်ခံ တပ်မှူး၊ တပ်သား၊ ရဲဘော်များနှင့် ညှိနှိုင်း ဆွေးနွေးပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း KTLA ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထား သည်။

ထို့အပြင် စစ်အာဏာရှင်ချုပ်ငြိမ်းသည်အထိ KTLA တပ်ဖွဲ့အနေဖြင့် အခြားတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ နိုင်ငံတကာအင်အားစုများနှင့် အတူတကွလက်တွဲကာ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြပါရှိသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် နိုင်ငံရေးရည်မှန်ချက်မတူညီသည့် ကော်သူးလေ အာမီ(KTLA)နှင့် ပူးပေါင်းလုပ်ဆောင်၍ မရသလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့်ပတ်သက်မှုမရှိကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ (၆)ရက်နေ့တွင် KNU က ကြေညာချက် ထုတ်ပြန်ပြီး နောက် KTLA ဘက်မှ ယခုလို သဘောထားရပ်တည်ချက် ပြန်လည်ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။

ကော်သူးလေအာမီ -KTLA သည် ကေအဲန်ယူ-ဒူးပလာခရိုင်/တပ်မဟာ(၆)နှင့် ဘိတ်ထားဝယ်ခရိုင် / တပ်မဟာ(၄)တွင်လှုပ်ရှားကာ ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေနယ်အတွင်း တိုက်ပွဲဖော်ဆောင်ရာတွင် မြေပြင် KNLA တပ်ဖွဲ့နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိသည်ဟု မြေပြင်သတင်းအရင်းအမြစ်များအရ သိရသည်။ သို့သော်လည်း ကေအဲန်ယူ တပ်မဟာ(၄)နယ်မြေထဲတွင်မူ KNLA နှင့် KTLA တပ်ဖွဲ့တို့ အကြား တင်းမာမှုရှိကာ မကြာခဏထိတွေ့ပစ်ခတ်မှုများဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။