Home သတင်း KNU/KNLA-PC ဖွဲ့စည်းတည်ထောင်သူ ဗိုလ်ချုပ်ထိန်မောင်ဇနီး နော်မရိုင်းရယ်ကွယ်လွန်

KNU/KNLA-PC ဖွဲ့စည်းတည်ထောင်သူ ဗိုလ်ချုပ်ထိန်မောင်ဇနီး နော်မရိုင်းရယ်ကွယ်လွန်

905

နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကွယ်လွန်သွားပြီဖြစ်သည့် KNU/KNLA-PC (ငြိမ်းချမ်းရေးကောင်စီ)ကို ဖွဲ့စည်းတည်ထောင်သူ ဗိုလ်ချုပ်ထိန်မောင်(ခ) စောဌေးမောင်၏ ဇနီးဖြစ်သူ အဖီးနော်မရိုင်းရယ်အသက် (၈၈)နှစ်သည် လူကြီးရောဂါဖြင့် ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်၊ နံနက် (၇)နာရီအချိန်ခန့်တွင် ရန်ကုန်မြို့၊ အာယုအပြည်ပြည်ဆိုင်ရာဆေးရုံ၌ ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

KNU/KNLA-PC (ငြိမ်းချမ်းရေးကောင်စီ) ဗဟိုအမျိုးသမီးရေးရာ (နာယက)ဖြစ်သူ အဖီးနော်မရိုင်းရယ်၏ ကျန်ရှိ သည့် ရုပ်ကလာပ်အား လာမည့် နိုဝင်ဘာလ(၁၄)ရက်နေ့တွင် ခရစ်ယာန်ဘာသာဝင်များ၏ ထုံးတမ်းအစဉ် အလာအရ ထို့ကော်ကိုး(ဝေးနော်တယာ) အာဇာနည်ကုန်းတွင် ဂူသွင်းသင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

KNU/KNLA-PC ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က “ အဖီးအကြောင်းကိုတော့ အသေးစိတ်မသိဘူး။ ဒါပေ မယ့် ကျနော်သိရသလောက်က အဖူးထိန်မောင်လုပ်တဲ့ တော်လှန်ရေးအလုပ်တွေမှာ ပါရမီဖြည့်ဖက်ကောင်း တစ် ယောက် ဖြစ်ခဲ့တယ်။ PC-မှာ အမျိုးသမီးနာယက မဖြစ်ခင် အဖူးတပ်မဟာမှူးဖြစ်တုန်းကလည်း အနောက်မှာ ကျန်ခဲ့တဲ့ ရဲဘော်မိသားစုတွေကို တတ်နိုင်သလောက် သူအများကြီး ဖြည့်ပြီးကူညီပေးခဲ့တာတွေရှိခဲ့တယ်ဆို တာတော့ သိရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

Photo: KNU/KNLA-PC

ကေအဲန်ယူ တပ်မဟာ(၇) တပ်မဟာမှူးဟောင်း ဗိုလ်ချုပ်စောဌေးမောင်ဦးဆောင်သည့်အဖွဲ့သည် ၂၀၀၇ခုနှစ်တွင် KNU မှ ခွဲထွက်ပြီး ယခင် နအဖ စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေးလုပ်ပြီး KNU/KNLA-PC အဖွဲ့ကို တည်ထောင်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းရန် စစ်အစိုးရခေါင်းဆောင်များမှ လာရောက်ဖိအားပေးမှုလုပ်ဆောင်ရာတွင် အဖီးနော်မရိုင်းရယ်က ၎င်း၏အမျိုးသားဖြစ်သူ ဗိုလ်ချုပ် စောဌေးမောင်နှင့်အတူ စစ်တပ်ကို ပြတ်ပြတ်သားသား ပြန်လည်ငြင်းဆန်ခဲ့ကြောင်းလည်း နီးစပ်သူများက ပြောသည်။

ထို့အပြင် KNU/KNLA-PC (ငြိမ်းချမ်းရေးကောင်စီ)ကို တည်ထောင်ပြီးသည့်နောက်ပိုင်းတွင် တပ်ဖွဲ့ဝင်မိသားစုဝင် ဇနီးနှင့် ဒေသအတွင်းအမျိုးသမီးများကို ထောက်ပံ့ကူညီဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး KNU/KNLA-PC အမျိုးသမီးရေးရာအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းထောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်ဟု သိရသည်။

အဖီးနော်မရိုင်းရယ်သည် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ထီးလားနယ်ကျေးရွာဇာတိဖြစ်ပြီး ကွယ်လွန်ချိန်တွင် သမီးဖြစ်သူ လက်ရှိ KNU/KNLA-PC ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးအပါအဝင် သား(၁)ဦး၊ သမီး (၂)ဦးနှင့် မြေးမြစ်များ ကျန်ရစ်ခဲ့သည်ဟု သိရသည်။