Home သတင်း လှိုင်းဘွဲမြို့တွင် ညမထွက်ရအမိန့်ထုတ်ထားသော်လည်း ညလောင်းကစားဝိုင်းများ အရေးယူမခံရ

လှိုင်းဘွဲမြို့တွင် ညမထွက်ရအမိန့်ထုတ်ထားသော်လည်း ညလောင်းကစားဝိုင်းများ အရေးယူမခံရ

759

နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့တွင် စစ်ကောင်စီက မာရှယ်လော (ညမထွက်ရအမိန့်) ထုတ်ထားသော်လည်း ညအချိန် ပြုလုပ်ကျင်းပသည့် အာဝါဒေး လောင်းကစားဝိုင်းများအား အရေးမယူခံရကြောင်း မြို့ခံများထံမှ သိရသည်။

စစ်ကောင်စီက ည(၁၀)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ထားသော လှိုင်းဘွဲမြို့ အတွင်းရှိ (ခ)ရပ်ကွက် ကျောက်စိမ်းအုပ်စုတွင် ဇာတ်ပွဲ အယောင်ပြကာ ညအချိန် လောင်းကစား ဝိုင်းများ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဝိုင်းတိုင်းတွင် လာရောက်ဆော့ကစား သူများဖြင့် ပြည့်နှက်နေသည်ဟု မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“မာရှယ်လောက ထုတ်ထားတာကြာနေပြီ။ ဘယ်လောက်ထုတ်ထုတ်လောင်း ကစားဝိုင်း တွေရှိနေတော့ သွားနေကြတာပဲ ဖမ်းတဲ့သူလည်းမရှိဘူး။ အဲဒီဝိုင်းတွေကို အရေးယူမယ့်သူလည်းမရှိဘူး။ လှိုင်းဘွဲမှာတော့ ကိုယ့်ဘာသာ အေးဆေးနေကြတာ များတယ်။ သွားတိုင်ရင်လည်း ဘယ်သူဘယ်ဝါတိုင်တယ်ဆိုတာ တန်းသိနေတော့ တိုင်လည်းမတိုင်ရဲကြဘူး။ ဇာတ်ပွဲကဖွင့်တယ်သာပြောတာ လူမှမရှိတာ ညဘက်မှ စည်တဲ့အဲဒီလောင်းကစားဝိုင်းတွေမှာတော့ လူကအပြည့်ပဲ” ဟု ထိုမြို့ခံက ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများဖွင့်လှစ်ကျင်းပနေသည်မှာ လနှင့်ချီကြာမြင့်နေပြီး မြို့ အတွင်း ရေကြီးသည့်ကာလမှအပ ကျန်သည့်ရက်များတွင် ဆက်တိုက်ပြု လုပ်နေခြင်း ဖြစ်သည်ဟုလည်း မြို့ခံအမျိုးသမီးတစ်ဦးကလည်း ပြောသည်။

၎င်းက “ဟိုးနွေကတည်းက လုပ်လာကြတာ ဒီမိုးတွင်း ရေကြီးတုန်းကတော့ တချက်နား လိုက်တာပဲရှိတယ်။ ကျန်တဲ့ရက်တွေ ဆက်တိုက်လုပ်နေကြတာပဲ။ ဘယ်သူမှလည်း မဖမ်းကြပါဘူး။ အပြင်မထွက်နဲ့ဆိုပေမယ့် ဝိုင်းတွေလုပ်နေတော့ ထွက်ကြတာပေါ့။ ဖမ်းတော့လည်း ဘယ်သူဖမ်းမလဲ၊ လက်ဝါးချင်းရိုက်ပြီး လုပ်နေ ကြတာ” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုအာဝါဒေးလောင်းကစားဝိုင်းများကို စစ်ကောင်စီနှင့် မြို့နယ်အထွေထွေ အုပ်ချုပ် ရေးမှူးတို့က ပူးပေါင်းကာ ဖွင့်လှစ်ထားသည်ဟု နီးစပ်ရာမြို့ခံအချို့၏ပြောပြချက်အရ သိရှိရသော်လည်း သီးခြားအတည်ပြုနိုင်ရန် ကေအိုင်စီ-ကရင်သတင်းဌာနက ကြိုးပမ်းနေဆဲဖြစ်သည်။

လှိုင်းဘွဲမြို့နယ်သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်/ တပ်မဟာ(၇)ထိန်းချုပ်နယ်မြေတွင် ရှိသော်လည်း စစ်ကောင်စီနှင့် ၎င်းတို့လက် အောက်ခံတပ် နယ်ခြားစောင့်တပ်-BGF များ သွားလာလှုပ်ရှားကာ စစ်ဆေးမှုများပြု လုပ်လျက်ရှိသည့် နယ်မြေလည်းဖြစ်သည်။

အလားတူ ဖားအံခရိုင် နဘူးမြို့နယ်၊ နို့ဝခလေနှင့် တဝဲကျေးရွာနားတွင် ကရင်လက် နက်ကိုင်စည်းလုံးညီညွတ်ရေးကော်မတီက တရားဝင်တားမြစ်ထားသည့် လောင်းက စားဝိုင်းများကို လနှင့်ချီ ပြုလုပ်ကျင်းပနေကြသော်လည်း မည်သည့် အဖွဲ့အစည်းကမှ အရေးယူဆောင်ရွက်ခြင်းမရှိ ကြသေးကြောင်း ဒေသခံများ၏ ဖော်ထုတ်ပြောဆိုမှုအရ သိရသည်။