Home သတင်း ကရင်နှင့် မွန်ပြည်နယ် ဆက်သွယ်ထားသော ချောင်းနှစ်ခွတံတားကို တော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်

ကရင်နှင့် မွန်ပြည်နယ် ဆက်သွယ်ထားသော ချောင်းနှစ်ခွတံတားကို တော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်

1095

နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ကို ဆက်သွယ်ထားသော တံတားတစ်စင်းဖြစ်သည့် ချောင်းနှစ်ခွတံတားကို ယနေ့ နိုဝင်ဘာ ၁၃ရက်နေ့တွင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်ပြောစကားအရ သိရသည်။

နိုဝင်ဘာ ၁၀ရက်က စတင်တိုက်ပွဲဖြစ်နေသည့် ကြာအင်းဆိပ်ကြီး ချောင်းနှစ်ခွ၊ ကျိုက်မရော၊ မုဒုံလမ်းပိုင်းကို ဆက်သွယ်ထားသည့် ဟောင်သရောမြစ်ကူးတံတား ချောင်းနှစ်ခွကို ယနေ့ နေ့လည်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု KNLA ပူပေါင်းမဟာမိတ်အဖွဲ့ စစ်ရေး သတင်းအရင်းအမြစ်က ပြောသည်။

၎င်းက “ဒီနေ့က ချောင်းနှစ်ခွတံတားကို သိမ်းလိုက်ပြီ၊ ပြီးခဲ့တဲ့ရက်က ချောင်းနှစ်ခွ ရဲစခန်းကို သိမ်းတယ်။ သူတို့ကလက်နက်ကြီးတွေ၊ ရော့ကက်ဒုံးတွေပစ်တယ်။ ‌ရဟတ်ယာဉ် ပစ်တယ်။ အရပ်သားထိတာ၊ ကလေးတွေထိပြီးဆုံးတာ၊ အိမ်ထိ၊ ခြံထိတာတွေ ရှိတယ်။ ချောင်းနှစ်ခွ မုဒုံဘက်ကနေတော့ သူတို့တက်မလာ တော့ဘူး”ဟု ပြောသည်။

လတ်တလော ကြာအင်းဆိပ်ကြီး ချောင်းနှစ်ခွတံတားအနီး ဝန်းကျင်ကျေးရွာ ဒေသခံများသည် မုဒုံမြို့ဘက်သို့ လည်းကောင်း၊ ကျိုက်မရော ဒေသတိုက်ပွဲ လွတ်ရာကျေးရွာများဘက်သို လည်းကောင်း၊ မော်လမြိုင်မြို့ဘက်သို့ လည်းကောင်း လူထောင်ချီ ရွှေ့ပြောင်းစစ်ဘေးရှောင်နေကြရကြောင်း မုဒုံဒေသခံတစ်ဦးက ပြောသည်။

“ချောင်းနှစ်ခွ၊ သံပုရာ၊ ပေါလော ရွာတွေက မုဒုံဘက်တက်လာရှောင်ကြတယ်။ ဘုန်းကြီးကျောင်းတွေမှာ အိမ်တွေမှာပေါ့။ ကျမတို့အိမ်မှာ လူ၂၀ ကျော် ခြံထဲပေး နေထားရတယ်။ ရဟတ်ယာဉ်က ပျံသွားပျံလာ လိုက်ပစ်နေတယ်။ အသံအ ကျယ်ကြီးတွေကြား နေရတယ်။ အမြှောက်ပစ်တယ်။ တိုက်ပွဲက မပြီးသေးဘူး ” ဟု ထိုမုဒုံဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အကျအဆုံးများနေကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့များထံလက်နက်ချအလင်းဝင်သူများ ရှိကြောင်း၊ ပိတ်မိနေသည့် စစ် ကောင်စီတပ် စစ်ကြောင်းများ ရှိနေကြောင်း စစ်မြေပြင်သတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။

ထိုအခြေအနေကြောင့် ကြာအင်းဆိပ်ကြီး စစ်တပ်၊ မုဒုံစစ်တပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တို့မှ အမြှောက်လက်နက်ကြီး၊ တာ‌ဝေးပစ်ရော့ကက်ဒုံး၊ ရဟတ်ယာဉ် များဖြင့် ဆက်လက်ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှု၊ အရပ်သားထိခိုက်သေဆုံးမှုနှင့် အိမ်မွေးတိရစ္ဆာန်များ ထိခိုက် သေဆုံးမှုများရှိကြောင်း ဒေသခံအရပ်သားများက ပြောသည်။

ချောင်းနှစ်ခွ တိုက်ပွဲဖြစ်စဉ်အတွင်း KNLA ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဘက်မှ ထိခိုက် ကျဆုံးမှုအချို့ရှိသော်လည်း တံတားအား ထိန်းချုပ် သိမ်းပိုက် ထားသည့်အနေ အထားဖြင့် ဆက်လက်တိုက်ပွဲဖော်ဆောင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့အတူ ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေ ကနဲလေး၊ ကော့ကရိတ်၊ ကျုံဒိုး စသည့်နေရာများဘက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု သိရှိရသည်။