Home သတင်း အခါလွန်မိုးကြောင့် မြေပဲစိုက်ခင်းများ ပျက်စီးမည်ကို ပိုင်ကျုံဒေသခံများ စိုးရိမ်

အခါလွန်မိုးကြောင့် မြေပဲစိုက်ခင်းများ ပျက်စီးမည်ကို ပိုင်ကျုံဒေသခံများ စိုးရိမ်

959

နိုဝင်ဘာ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း အခါလွန်မိုးရွာသွန်းမှုကြောင့် မြေပဲစိုက်ခင်းများတွင် မိုးရေများကြောင့် မြေပဲများပုပ်သိုးပျက်စီးသွားမည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံ မြေပဲစိုက်တောင်သူများက ပြောသည်။

ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာဒေသများတွင် မိုးရာသီအပြီး ဆောင်းအဝင်ကာလများမှာ မြေပဲ၊ မတ်ပဲများ ကို စိုက်ပျိုးလုပ်ကိုင်ကြသော်လည်း ယခုလိုအခါလွန်မိုးကြောင့် မိုးရေများထိမှန်၍ မြေပဲများပုပ်မည်ကို စိုးရိမ် နေရကြောင်း ပိုင်ကျုံမြို့နယ် မြေပဲစိုက်ပျိုးသူတစ်ဦးက ယခုလိုပြောသည်။

“အခုအချိန်က မြေပဲစပြီးဥတဲ့ အချိန်ဖြစ်တယ်။ အခုလို မိုးရွာတော့ စိုက်ခင်းထဲ ရေဝင်လာတော့ ဒီက လူတွေ လန့်ကုန်ကြတာ။ တချို့ဆိုရင် အပင်တွေကို လိုက်နုတ်ကြည့်နေတယ်။ မနှစ်က မြေပဲဈေးကောင်းတော့ ဒီနှစ် တောင်သူတွေပိုစိုက်ကြတာ”ဟု ထိုမြေပဲစိုက်ပျိုးသူက ကေအိုင်စီသို့ ပြောသည်။

ပိုင်ကျုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးမှုအပြီးတွင် ဒေသခံစိုက်ပျိုးတောင်သူများအနေဖြင့် ဆောင်းရာသီကာလ များတွင် မြေပဲ၊ မတ်ပဲနှင့်ပြောင်းများကို စိုက်ပျိုးကြပြီး ယခင်နှစ်များထက် ဈေးကောင်းရသောကြောင့် မြေပဲစိုက်ပျိုးခြင်းကို ယခုနှစ်တွင် ပိုမိုလုပ်ဆောင်နေကြကြောင်းလည်း ၎င်းမြေပဲစိုက်တောင်သူက ဆက်ပြောသည်။

အလားတူ ယခုနှစ်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းအပြင် မိုးကြီးရေလျှံမှုများကြောင့် စပါးခင်းများ ထိခိုက်ပျက်စီးမှုများရှိသလို လယ်စိုက်တောင်သူများအနေဖြင့် အခက်အခဲများကြုံတွေ့ရကြောင်းလည်း တာ ကရားကျေးရွာနေ လယ်စိုက်တောင်သူတစ်ဦးက ပြောသည်။

၎င်းက “ဒီနှစ်က မိုးက အတော်ဒုက္ခပေးတာ။ မိုးစပါးစိုက်တုန်းကလည်း မိုးအရမ်းရွာတော့ ရေကြီးပြီး ပျိုး စပါးတွေ ပျက်စီးတာများတယ်။ အခုက အကုန်လူတွေက ဒုက္ခပေးလိုက်၊ ရာသီဥတုက ဒုက္ခပေးလိုက်နဲ့ အခုချိန်မှာ ဘယ်သူမှ အဆင်မပြေတော့ဘူး။ မိုးမများလို့ များလို့ရှိရင် စပါးပါပျက်နိုင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းမြို့နယ်တွင် မြေပဲများကို စားသုံးဆီပြုလုပ်သည့်အပြင် မြေပဲကြော်၊ မြေပဲလှော် စသည့်မုန့်ပဲသရေစာ အနေဖြင့်လည်း ပြုလုပ်စားသုံးကြပြီး အရေးပါသောစားသောက်ကုန်တစ်ခုဖြစ်သည်။ စားသုံးဆီအပြင် ထွက်ရှိ လာသော မြေပဲဆန်(အဖြူ)များအား ထိုင်းနိုင်ငံသို့ဖြစ်စေ၊ မြေပဲဆန်(အနီ)များအား တရုတ်နိုင်ငံသို့ ဖြစ်စေ တင်ပို့ရောင်းချမှုရှိကြောင်းလည်း ဒေသခံများက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် တောင်သူလယ်သမားများ နှင့် အခြေခံ လုပ် သားပြည်သူများအနေဖြင့် ငွေကြေးဖောင်းပွမှုအပြင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်သည့် ဒဏ်ကိုပါ ရင်ဆိုင်ကြုံတွေ့နေရသည်။

အလားတူ ပိုင်ကျုံမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တုန်းကလည်း မိုးစပါးရိတ်သိမ်းသည့်အချိန်တွင် အခါ လွန်မိုး ရွာသွန်းမှုကြောင့် စပါးများပျက်စီးခြင်း၊ အညှောင့်ထွက်ခြင်းများရှိခဲ့ပြီး လယ်ယာဧကပေါင်းများစွာ ပျက်စီးခဲ့သည့် ဖြစ်စဉ်မျိုးလည်း ဖြစ်ခဲ့သေးကြောင်း လယ်စိုက်တောင်သူများထံမှ သိရသည်။