နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေများကြောင့် ပွင့်လင်းရာသီ ခရီးသွားကာလဖြစ်သော်လည်းအများ ပြည်သူရုံးပိတ်ရက် ရှည်များမှအပ အနယ်နယ် အရပ်ရပ်မှ မြို့သို့ လာရောက်လည်ပတ်သူနည်းပါးနေဆဲဖြစ်ကြောင်း ဖားအံမြို့နေပြည်သူများထံမှ သိရသည်။
ရန်ကုန်-မော်လမြိုင်လမ်းတစ်လျှောက် စစ်တပ်ဂိတ်စခန်းများ၏ အစစ်အဆေးများ ပြားခြင်း၊ လက်ရှိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးလက်နက်ကိုင်များ ဖြစ်ပွား နေသော တိုက်ပွဲများကြောင့်လည်း ယခင်ကပွင့်လင်းရာသီရောက်သည်နှင့်ခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိသော ဖားအံမြို့သို့ လာရောက်လည်ပတ်ဝံ့သူ နည်းပါးနေခြင်းဖြစ်သည်ဟု စားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်သူ ဖားအံမြို့ခံတစ်ဦးက ပြောသည်။
၎င်းက “အရင် လက်သုံးချောင်းကိစ္စမတိုင်ခင်ကတော့ ဖားအံလာလည်တဲ့ ခရီးသွား ဧည့်သည်များ သေးတာပေါ့။ အခုကတော့ သီတင်းကျွတ်ရုံးပိတ်ရက်လောက်ပဲ လူစည်တော့တယ်။ အဲဒီရက်ဆို ရင်တော့ ကမ်းနားလမ်းညဈေးက ဆိုင်တွေမှာ လူအပြည့်ပဲ။ ကျန်တဲ့ရက်ကတော့ လာလည်သူ နည်းနေတုန်းပေါ့ အရင်လိုပုံမှန်တော့ မဟုတ်သေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ဖားအံ သံလွင်တံတားရှိ စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်စခန်းတွင် မြို့သို့ ဖြတ်သန်း သွားလာသည့် မော်တော်ယာဥ်များအား စစ်ဆေးခြင်းနှင့် သွားလာသူများ၏ ဖုန်းနှင့်ခရီး ဆောင်အိတ်များအား အသေးစိတ်ရှာဖွေစစ်ဆေးခြင်းတို့ကြောင့် သတိထားသွားလာနေရကြောင်း ခရီးသွားများထံမှ သိရသည်။
စစ်တောင်းတံတားရှိ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင်လည်း မော်တော်ယာဥ် ကြီး ယာဥ်ငယ် မရွေး အီတလီနိုင်ငံထုတ် X Ray စက်များဖြင့် စစ်ကောင်စီက အချိန်ယူစစ်ဆေးသည့်အတွက် ကားများပိတ်ဆို့ကာ လမ်းခရီးကြန့်ကြာခြင်းများကြောင့် ယာဥ်ပေါ်တွင်သာ အချိန်ကုန်နေရသည်ဟု ဖားအံမြို့သို့အလည်အပတ်လာရောက်သူ အမျိုးသားတစ်ဦးကလည်း ယခုလိုပြောသည်။
“ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ ကားသေးတွေပါ စစ်နေတော့ ပိုကြာတာပေါ့။ သံလွင်တံ တားဂိတ်ကတော့ ကျနော်လာတဲ့ရက်ကရော ပြန်တဲ့ရက်ကရော အသွား အပြန်စစ်တာ အစစ်ခံနေ ရတဲ့ကားတန်းကို အရှည်ကြီး။ ကားပေါ်မှာတင် အချိန်တွေ တော်တော်ကုန်တယ်၊ မြို့ထဲအထင်ကရ နေရာတော်တော်များများ လာလည်တဲ့သူ ကတော့ မရှိသလောက်ပဲ ကမ်းနားလမ်း ညဈေးဘက်ပဲ တစ်ချက်လူရှိတယ်” ဟု ၎င်းက ပြောသည်။
ထို့အတူ ဖားအံမြို့သီရိကွင်းနေရာတွင် စစ်ကောင်စီ ကြီးမှူးကျင်းပသော ကရင်ပြည်နယ်နေ့အထိမ်း အမှတ် ပြိုင်ပွဲနှင့်ပျော်ပွဲရွှင်ပွဲများအား ပြီးခဲ့သည့် နိုဝင်ဘာလ(၇)ရက်နေ့မှ စတင်၍ ပြုလုပ်ကျင်းပခဲ့ ရှိသော်လည်း စစ်တပ်မိသားစုအသိုင်းအဝိုင်းများနှင့်နီးစပ်ရာများ၊ တပ်ထောက်ခံသူများသာ ဝင်ရောက်ဆင်နွှဲကြကြောင်း မြို့ခံများက ပြောသည်။
စစ်တပ်က အာဏာသိမ်းယူပြီးသည့်နောက်ပိုင်း ဖားအံတွင် စစ်တပ်ဂိတ်စခန်းများ တဖြည်းဖြည်းပိုမို များပြားလျက်ရှိသလို ယခုနှစ် ဇူလိုင်လကုန်ပိုင်းက သံလွင်တံတားရှိ စစ်ကောင်စီ၏ လုံခြုံရေးဂိတ်စ ခန်းနေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် စစ်ဘက်ရဲဘက်နှင့်ဌာနဆိုင်ရာ ဝန်ထမ်းအချို့ ထိခိုက်သေဆုံးမှုရှိခဲ့သဖြင့် စစ်တပ်က မြို့အတွင်း ယခင်ကထက် စစ်ဆေးရေးတင်းကြပ်ခဲ့သေးသည်။



















