Home သတင်း သုံးလကျော်အတွင်း နွေဦးဖွံ့ဖြိုးရေးဘဏ်တွင် ဒေါ်လာ ၁၀ သန်းအထိ စုငွေရှိနေကြောင်း NUG ပြော

သုံးလကျော်အတွင်း နွေဦးဖွံ့ဖြိုးရေးဘဏ်တွင် ဒေါ်လာ ၁၀ သန်းအထိ စုငွေရှိနေကြောင်း NUG ပြော

701

နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ နွေဦးဖွံ့ဖြိုးရေးဘဏ်ထဲတွင် သုံးလကျော်အတွင်း ပြည်သူများ ပါဝင်စုဆောင်းသည့်ငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ စုငွေရှိနေပြီးဖြစ်ကြောင်း ယနေ့နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်သည့် နွေဦးဖွံ့ဖြိုးရေးဘဏ် အစုရှယ်ယာအကြိုရောင်းချခြင်း သတင်းစာရှင်းလင်းပွဲတွင် ဘဏ်၏ တာဝန်ရှိသူက ပြောသည်။

နွေဦးဖွံ့ဖြိုးရေးဘဏ် စဖွင့်သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင်ပင် ဘဏ်ကို နိုင်ငံပေါင်း ၇ နိုင်ငံအထိ အသုံးပြုကာ လက်ရှိအချိန်တွင် ဘဏ်အကောင့်စတင်ဖွင့်ထားသူ ၄ သောင်းရှိပြီး စုငွေပေါင်း ဒေါ်လာ ၁၀ သန်းအပြင် ဘဏ်ထဲတွင် ရွှေစုဆောင်းသည့် စနစ်တွေလည်းရှိသည်ဟု ဘဏ်၏ပြောရေး ဆိုခွင့်ရှိသူ ဦးကယ်ဗင်(Calvin)က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

၎င်းက “နွေဦးဖွံ့ဖြိုးရေဘဏ်မှာ ၃ လကျော်အတွင်း USA ဒေါ်လာ ၁၀ သန်းအထိစုငွေရနေတာက ပြည်သူလူထုတွေရဲ့ ယုံကြည်မှု စုဆောင်းမှုတွေအများကြီးပါပါတယ်။ ဒီထက်လည်း ဘဏ်ကိုပိုပြီးခိုင် မာလုံခြုံအောင် ပြုလုပ်ပြင်ဆင်သွားဖို့လည်းရှိပါတယ်”ဟု ပြောကြားသည်။

ထို့အပြင် ပြည်သူများစုထားသည့် စုငွေကို အသုံးပြုပြီး ပြည်သူကို ပြန်သတ်ဖြတ်နေသည့် စစ်ကောင်စီ၏ ငွေကြေးစီးဆင်းမှုအား ဖြတ်တောက်ရန်နှင့် နွေဦးတော်လှန်ရေးကို အထောက်အကူပြုရန် နွေဦးဖွံ့ဖြိုးရေးဘဏ်ကို တည်ထောင်ရခြင်းဖြစ်သည်ဟုလည်း ဦးကယ်ဗင်က ဆက်ပြောသည်။

“ဒါက မြန်မာပြည်အတွက် လွတ်လပ်ရေးရဖို့ သယ်ဆောင်လာပေးတဲ့ဘဏ်ဖြစ်တယ်။ စစ်ကောင်စီရဲ့ထိန်းချုပ် ထားတဲ့ဘဏ်ကို ဖြိုချဖို့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေစုထားတဲ့ငွေကို စစ်ကောင်စီကချေးတယ်။ ပြီးရင် ပြည်သူတွေကို ပြန်သတ်တယ်။ အဲ့ဒီအတွက်ကို သူတို့ဆီကို ငွေစီးဆင်းမှုလျော့နည်းသွားဖို့ ပြည်သူတွေ လိုအပ်တဲ့ ငွေရေးကြေးရေးစနစ်နဲ့ ပြန်တည်ဆောက်ဖို့ နွေဦးတော်လှန်ရေးမှာ အထောက်အကူဖြစ်ဖို့ နွေဦးဖွံ့ဖြိုး ရေးဘဏ်ကို တည်ဆောက်ရခြင်းဖြစ်တယ်”ဟု ဦးကယ်ဗင်က ပြောသည်။

ထို့အပြင် နွေဦးဖွံ့ဖြိုးရေးဘဏ်က ရရှိသည့်ဘဏ္ဍာရံပုံငွေများကို လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် နေရာများထဲတွင် အပြည့်အဝအသုံးပြုသွားမည်ဖြစ်ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဆက်လက်၍ နွေဦးဖွံ့ဖြိုးရေးဘဏ်သည် စစ်ကောင်စီတပ်၏ စီးပွားရေးလမ်းကြောင်းများကို ပိတ်ဆို့ခြင်းဖြစ်သလို တော်လှန်ရေးအောင်မြင်ပြီးသည့်နောက် တိုင်းပြည်ပြန်လည်တည်ထောင်ရာတွင်လည်း နေရာတစ်ချို့က ပါဝင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် AYA ၊ KBZ များထက် ကျော်လွန် အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က“ဒီဘဏ်ရဲ့ပိုင်ဆိုင်မှုသည် NUG ကိုယ်စားပြုအဖွဲ့အစည်းကပဲ ပိုင်ဆိုင်တာပဲဖြစ်သည်။ ပြောရမယ်ဆိုရင် NUG အစိုးရပိုင်ဆိုင်တဲ့ ၁၀၀ ရာခိုင်နှုန်းဘဏ်ဖြစ်ပါတယ်။ ဒီနေ့စပြီးထုတ်ရောင်းမယ့် ၁၀ ရာခိုင်နှုန်း ကတော့ ပြည်သူ လူထုရဲ့ပိုင်ဆိုင်မှုအဖြစ်ကို စတင်ပြီးတော့ ကမ်းလှမ်းဖိတ်ခေါ်တာဖြစ်တယ်”ဟု ပြောသည်။

နွေဦးဖွံ့ဖြိုးရေးဘဏ်သည် ပြည်ပနိုင်ငံ UK ၊ ကနေဒါ စသည့်နိုင်ငံများရှိ ဘဏ်များနှင့်လည်းပူးတွဲ ချိတ်ဆက်လုပ် ဆောင်နေလျက်ရှိပြီး လက်ရှိတိုက်ပွဲများအတွင်း အရေးပေါ်ဖြစ်ပေါ်နေသည့် နေရာ အသီးသီးတွင်လည်း ငွေကြေး စီးဆင်းမှုများကို လုပ်ဆောင်နေသည်ဟု သတင်းမီဒီယာများ၏ မေးမြန်းချက်အပေါ် NUG ၏ နွေဦးဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူက ပြောသည်။