Home သတင်း ကရင့်အာဇာနည်ဗိမ္မာန်တည်ဆောက်ရေးအစီအစဉ် စတင်အကောင်အထည် ဖော်မည်

ကရင့်အာဇာနည်ဗိမ္မာန်တည်ဆောက်ရေးအစီအစဉ် စတင်အကောင်အထည် ဖော်မည်

1015

နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားခေါင်းဆောင်စောဘဦးကြီးနှင့် ခေါင်းဆောင်အချို့ကျဆုံးခဲ့သည့် ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ KNU/KNLA-PC (ငြိမ်းချမ်းရေးကောင်စီ) ဌာနချုပ်ရှိရာ ထို့ကော်ကိုးကျေးရွာတွင် ကရင့် အာဇာနည်ဗိမ္မာန်တည်ဆောက်မည့်အစီအစဉ်ကို ကရင်လက်ကိုင်အဖွဲ့အစည်းများက စတင်အကောင်အ ထည်ဖော်ဆောင်မည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၉)ရက်နေ့က ထို့ကော်ကျေးရွာတွင် ကျင်းပသည့် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ KNU/KNLA-PC၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)နှင့် ကရင်နယ်ခြား စောင့် တပ် -BGF စသည့် ကရင်လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ကရင်လက်နက်ကိုင်စည်း လုံးညီညွတ်ရေးလုပ်ငန်းကော်မတီ (UCKAG) အစည်းအဝေးတွင် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

KNU/KNLA-PC အဖွဲ့ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က “ ကျနော်တို့ ကရင်တော်လှန်ရေးနှစ် ပေါင်း ၇၀ ကျော်ကြာမှာ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေး ပေးဆပ်ခဲ့တဲ့ သူရဲကောင်း ခေါင်း ဆောင်အတွက် အမှတ်အသားတစ်ခုခုထားဖို့ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တွေကတည်းက ကရင်တစ်မျိုး သားလုံးကိုယ်စားပြု -KUPC(ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ) အစည်းဝေးမှာလည်းဆုံးဖြတ်ထားခဲ့တယ်။ အဲဒီထဲမှာက စောဘဦးကြီးကျဆုံးတဲ့ ထို့ကော်ကိုးရွာမှာ လုပ်မှာပေါ့။ အဲဒီမှာလုပ်ဖို့နေရာမှာဆိုရင်လည်း ရွာသားတွေဆီမှာ မြေတွင်ဝယ်ထားခဲ့ပြီးဆိုတော့ အဲဒီမှာ အသင့်တော်ဆုံးပေါ့”ဟု ကေအိုင်စီသို့ပြောသည်။

နိုင်ငံရေးအခြေအနေကြောင့် ကရင်အမျိုးသားအားလုံးပါဝင်၍ မရနိုင်သေးသည့်အချိန်တွင် ကရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၄)ဖွဲ့ဦးဆောင်ကာ စတင်အကောင်အထည်ဖော်ထားမည်ဖြစ်ကြောင်း၊ လာမည့် ဒီဇင်ဘာလတွင် ကရင်လက်နက်ကိုင်ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ကရင် အမျိုးသားရေးခေါင်းဆောင်များနှင့် ပြည်တွင်းပြည်ပ ကရင်လူထုများပါဝင်နိုင်သည့် တွေ့ဆုံဆွေးနွေးပွဲ တစ်ခုကျင်းပရန်ရှိကြောင်းလည်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောသည်။

“အခုက ကျနော်တို့ စလို့ရသလောက် အရင်စပြီးလုပ်မယ်။ အဲဒီဗိမ္မာန်ကိုသွားနိုင်ဖို့ လမ်းတံတားတွေ စတင်ဆောက်လုပ်ရမယ်ပြီးတော့ အခြေခံအုတ်မြစ်တွေ အရင်ချထားရမယ်။ အဲဒါမှ ပြည်တွင်းပြည်ပ၊ ကရင်လူထုတွေကလည်း ကရင်အာဇာနည်ဗိမ္မာန်စတင်လုပ်နေပြီးဆိုတာ သိသွားမှာ။ ဆောက်မယ့်ဒီဇိုင်း တွေကတော့ အားလုံးဆုံးဖြတ်ချက်လိုသေးတယ်”ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောသည်။

နိုဝင်ဘာလ (၉)ရက်နေ့တွင် ပြုလုပ်သည့် ကရင်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးကော်မတီအစည်း အဝေးတွင် အာဇာနည်ဗိမ္မာန်တည်ဆောက်ရေးအစီအစဉ်အပြင် ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေ အတွင်း တိုက်ပွဲမဖြစ်ပွားစေရေးနှင့် အခြားတပ်မဟာများတွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် တပ်မဟာ (၇)နယ်မြေထဲသို့ ဝင်ရောက်ခိုလှုံလာသည့် စစ်ရှောင်များအား ကူညီကြည့်ရှုထောက်ပံ့ပေးနိုင်ရေး အစီအစဉ်ကိုလည်း အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကရင်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးလုပ်ငန်းကော်မတီ (UCKAG)သည် လက်နက်ကိုင်အဖွဲ့ အချင်း ချင်းကြား ပစ်ခတ်မှုမဖြစ်စေရန်နှင့် မူးယစ်ဆေးဝါးကိစ္စတိုက်ဖျက်ရန် ရည်ရွယ်၍ ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းထားစည်းခြင်းဖြစ်သည်။