Home သတင်း ညောင်လေးပင်ခရိုင်အတွင်း စစ်တပ်ထောင်ထားသော မိုင်းများတွင် ပေါက်ကွဲ အားပြင်း ကားမိုင်းများပါဝင်နေ

ညောင်လေးပင်ခရိုင်အတွင်း စစ်တပ်ထောင်ထားသော မိုင်းများတွင် ပေါက်ကွဲ အားပြင်း ကားမိုင်းများပါဝင်နေ

652
Photo: Crd.

နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး နှင့်မုန်းမြို့နယ်ရှိ အချို့ကျေးရွာများတွင် တပ်စွဲရာမှ ပြန်လည်ဆုတ်ခွာ သွားသော စစ်ကောင်စီ တပ်များထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းအများအပြားအနက် ပေါက်ကွဲအားပြင်းထန်သော MM-2 အမျိုးအစား မြေမြှုပ်ကားမိုင်းများ ပါဝင်နေကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

KNU ၏ ကျောက်ကြီးမြို့နယ် တလိုင်းခင်၊ နံဇ၊ သမင်အင်းကုန်း၊ ကျွဲတလင်း အစရှိသည့် ကျေး ရွာများ၊ မုန်းမြို့နယ် သစ်ချဆိပ်၊ ကြောင်ပြာ၊ ရန်မျိုးအောင်၊ နောင် ကုန်းနှင့် ငထွေစုတ်ကျေး ရွာများတွင် စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးခြေကုပ်ယူစဥ် ထောင်ထားခဲ့သော မြေမြှုပ် မိုင်းများစွာရှိနေပြီး မိုင်းနင်းမိသည့်နေရာမှ ၅ မီတာပတ်လည်အတွင်းရှိသမျှကို ထိခိုက်ပျက်စီး စေနိုင်သော ကားမိုင်းများလည်း ပါဝင်နေသည်ဟု KNU ၏ အုပ်ချုပ်ရေးနှင့်စစ်ရေး သတင်းအရင်းအမြစ်များက ဆိုသည်။

တပ်မဟာ(၃) KNLA ဗျူဟာမှူးက “အလုံးရေကတော့အများကြီးပါပဲ။ သူတို့ (စစ်တပ်)က ရွာတွေ ထဲဝင်တိုင်း မိုင်းအများကြီးထောင်ထားခဲ့တယ်။ လူထုအသုံးပြုတဲ့ လူသွားလမ်းတို့ လှေကားနေရာ တွေတို့ ဆိုလာပြားထားတဲ့နေရာတွေမှာ ထောင်ထားတယ်။ ကားမိုင်းတွေလည်းပါတယ်၊ MM-2 အမျိုးအစားပေါ့။ MM-4 လို အမျိုးအစားတော့ မဟုတ်ဘူး။ အများအားဖြင့် M-14လို့ခေါ်တဲ့ နင်းမိုင်း တွေကိုထောင်တာ၊ နင်းမိတဲ့သူကိုသေစေရုံမက ၅ မီတာပတ်လည်က သက်ရှိအားလုံးကို ဒုက္ခပေးနိုင်တဲ့ အဲဒီထက်ပိုပြင်းတဲ့မိုင်း။” ဟု ကေအိုင်စီကို ပြောသည်။

ထို့အတူ ပြီးခဲ့သည့်ဇူလိုင်လက နံဇကျေးရွာအတွင်းသို့ စစ်ကောင်စီတပ် စစ်ကြောင်း ထိုးလာစဥ် ရွာအတွင်းရှိနေအိမ်များအား မီးရှို့ဖျက်ဆီးပြီး ရွာအလယ်လမ်းနှင့် ရွာအနီးတဝိုက်တွင် ထောင်ထားခဲ့ သောမိုင်းများစွာရှိနေသလို နံဇအပါအဝင် တလိုင်းခင်ရွာဘက်တွင်လည်း မိုင်းနင်းမိသဖြင့် ထိခိုက် ဒဏ်ရာရရှိခဲ့သော ဒေသခံနှင့် အိမ်မွေးတိရစ္ဆာန်အများအပြား ရှိနေကြောင်း နယ်ခံများ၏ ပြောပြချက်အရ သိရသည်။

“တလိုင်းခင်ဘက်မှာက ကားမိုင်းနင်းမိလို့ လူထိတာရှိတယ်။ နံဇရွာမှာလည်း မိုင်းတွေရှိတယ်။ ရွာလယ်ကို မီးရှို့ပြီး မိုင်းတွေထောင်ထားတာ အနှံ့ပဲ။ စစ်တပ်ရဲ့ မိုင်းထောင်တဲ့ရည်ရွယ်ချက်က လမ်း ခရီး ကြန့်ကြာအောင်တောင်မဟုတ်ဘူး။ မိတာနဲ့ အသေပဲဆိုတဲ့မိုင်းတွေပါ ပါတယ်။ ရွာသားတွေ ကတော့ ရွာပြန်နေဖို့ဆိုတာထက် သူတို့ပြန်ဆုတ်သွားတော့ တချို့က အိမ်မှာအစားစာဘာညာ ပြန်သယ်ကြတယ်။ အိမ်လည်းပြန်ကြည့်ရင်းပေါ့၊ အဲ့ဒါသွားလာလို့ရအောင် KNU က တစ်လမ်း လောက်ပေါက်အောင် မိုင်းရှင်းပေးတာရှိတယ်။” ဟု အမည်မဖော်လိုသူ ကျောက်ကြီး မြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

KNLA တပ်ဖွဲ့ဝင်များအနေဖြင့် ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီ ထောင်ထားသော မိုင်းများကို တူးဖော်တွေ့ရှိသည်မှာ လက်ရှိအချိန်ထိ မိုင်းအလုံးရေ ငါးဆယ် ကျော်ရှိနေပြီး နယ်မြေအတွင်း တိုက်ပွဲများကြောင့် မိုင်းရှင်းလင်းရေးဦးစားပေးလုပ်ဆောင်နိုင်မှု အကန့်အသတ်ဖြင့်သာရှိသော်လည်း မိုင်းအန္တရာယ်၊ လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် အသိပညာပေးလှုပ်ရှားမှုများအား အရပ်ဖက်အဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်နေသည်ဟု KNU ဘက်က ကေအိုင်စီသို့ ပြောသည်။

ပြည်သူများအနေဖြင့်လည်း မိမိတို့နေအိမ်သို့ပြန်ရန် လိုအပ်ချက်ရှိပါက အသက် အန္တရာယ်ထိခိုက်မှုမ ရှိစေရန် နယ်မြေလုံခြုံရေးလုပ်ဆောင်နေသော KNLA တပ်ဖွဲ့ဝင်များသို့ အသိပေးအကြောင်းကြားပြီး ချိတ်ဆက်လုပ်ဆောင်ကြရန်နှင့် အသိပညာပေးသင်တန်းများအားလည်း စိတ်ပါဝင်စားစွာ လိုက်ပါ လုပ်ဆောင်ကြရန် KNU လယ်ဒိုမြို့နယ် ပြောရေးဆိုခွင့်ရှိသူနှင့် KNLA ဘက်က တာဝန်ရှိသူများက အသိပေးနှိုးဆော်ထားသည်။

Photo: Crd.

KNLA တပ်မဟာ(၃)၏ တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီဝင်လာပြီးပြန်ထွက်တာနဲ့ မိုင်းတွေကျန်ခဲ့ တာဖြစ်လို့ ပြည်သူတွေအနေနဲ့ ရွာထဲကို တစ်ခါတည်းပြန်မဝင်ဖို့ နယ်မြေခံ KNU တပ်ဖွဲ့တွေကို အသိပေးပြီးမှသွားလာဖို့တော့ပြောချင်တယ်။ ၡေ့တန်းမှာရှိတဲ့တပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီး မသင်္ကာ တာတွေ့ရင်ပြောပြပြီး နယ်မြေလုံခြုံ တော့မှရွာထဲ ပြန်ဝင်ကြဖို့တော့လိုပါတယ်” ဟု ပြောသည်။

မြေမြှုပ်မိုင်းအမျိုးအစားဖြစ်သည့် ၉၆.၈ ဂရမ် အလေးချိန်ရှိ M 14 အမျိုးအစား ပလတ်စတစ်မိုင်း (နင်းမိုင်း)သည် ပေါက်ကွဲရန် ပေါင်ချိန် ၂၀ မှ ၃၀အတွင်း ဖိအားလိုအပ်ပြီး မိုင်းနင်းမိသူအား နင်းမိ သည့်နေရာ၏ ၁၀လက်မအထက်အထိ ထိခိုက်စေနိုင်သော မိုင်းတစ်မျိုးဖြစ်သည် ဟု မိုင်းကျွမ်းကျင်သူများ၏ ပြောပြချက်အရ သိရသည်။

အလေးချိန် ၆၅၀ ဂရမ်နှင့် ပေါက်ကွဲရန် ပေါင်ချိန် ၁၀ပေါင်မှ ၂၀ ပေါင်အတွင်းရှိ ဖိအား လိုအပ်သော MM 2 အမျိုးအစား မြေမြှုပ်မိုင်း(ကားမိုင်း)နင်းမိသူသည် ပေါက်ကွဲရာနေရာမှ ၅ မီတာပတ်လည် အတွင်းရှိသူအား ထိခိုက်ဒဏ်ရာ ပြင်းထန်စေနိုင်ပြီး သွေးထွက်လွန်၍ အသက်သေဆုံးသည်အထိ အန္တရာယ်ရှိစေသော မိုင်းမျိုးဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၁၉၉၇ ခုနှစ် မြေမြှုပ်မိုင်းအသုံးပြုမှု တားဆီးရေး နိုင်ငံတကာသဘောတူညီစာချုပ်နှင့် နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေများအရ အဆိုပါ မိုင်းများအား နိုင်ငံတကာမှ အသုံးမပြုရန် ပိတ်ပင်ထားသော်လည်း မြန်မာစစ်တပ်က ဆက်လက်အသုံးပြုနေသေးကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့၏မှတ်တမ်းများကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့( AI )က ၂၀၂၂ခုနစ် ဇူလိုင်လအတွင်းထုတ်ပြန်ထားသော အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်(၆၂)မြို့နယ်တွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် ဒီဇင် ဘာလအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့ရသည့်အရပ်သားစုစုပေါင်း (၅၀၀)ဦး ထက်မနည်းရှိနေပြီး လက်ရှိလက်လှမ်းမမီနိုင်သောမြေပြင်စာရင်းများအရ ပိုမိုထိခိုက် သေဆုံးသူရှိနိုင်သည်ဟုလည်း မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့၏ မြန်မာနိုင်ငံ ဆိုင်ရာအစီရင်ခံစာအရ သိရသည်။