Home သတင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် ကျေးရွာရှိတန်ဖိုးကြီးပစ္စည်းများကို ယူဆောင်မှုများပြုလုပ်

စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် ကျေးရွာရှိတန်ဖိုးကြီးပစ္စည်းများကို ယူဆောင်မှုများပြုလုပ်

587
Photo: Crd.

နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေး ပင်)ခရိုင်၊ မုန်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာရှိတန်ဖိုးကြီးပစ္စည်းများကို ယူဆောင်မှုများပြုလုပ်လျက်ရှိကြောင်း ကရင်အရေးပေါ် ကူညီကယ် ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၂) ရက်မှ စတင်ပြီး မုန်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (ခမရ-၃၄၉) (ရွှေကျင်)နှင့် ခြေလျင်တပ်ရင်း(ခလရ-၂၆၄) (ပိန်းဇလုပ်) ပူးပေါင်းတပ်ရင်းတပ်ဖွဲ့ဝင်များသည် ကျေးရွာတွင်း ဒေသခံနေအိမ်များရှိ တန်ဖိုးကြီးပစ္စည်းများကို ယူ ဆောင်လျက်ရှိကြောင်း ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

“နေအိမ်တွေက ကောင်းတဲ့ဆိုင်ကယ်တွေကို စစ်တပ်ကယူသွားတယ်။ ပြီးတော့ ဆိုင်ကယ်တစ်စီးကို ငွေ ကျပ် ၄သိန်းနဲ့ ပြန်ရွေးခိုင်းတယ်။ ရွာသားတွေက ပိုက်ဆံမရှိကြဘူး။ ဒါပေမဲ့ သူတို့ပစ္စည်းတွေဆိုတော့ ပြန်လိုချင်လို့ သွားရွေးရင်လည်းစစ်တပ်က ပြန်ပြီးသယ်သွားတယ်။ ပေးမရွေးဘူး။” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် ကျေးရွာ(၁၄)ရွာမှ စစ်ဘေးရှောင်(၇,၈၆၀) သည်လည်း လက်ရှိတွင် နေထိုင်ရေးအခက် အခဲ များနှင့် ကြုံတွေ့နေရ၍ ပဲခူးမြောက်ပိုင်းနှင့် စစ်တောင်းမြစ်အရှေ့ခြမ်းတွင် တဲထိုးကာ နေထိုင်ကြပြီး စစ်ဘေးရှောင်တချို့မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသည့် ကျေးရွာများ၏ နေအိမ်များတွင် လိုက်လံနေထိုင်နေရကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်များ ယခုလို စစ်ကြောင်းထိုး ဝင်ရောက်လာချိန်သည် ကျေးရွာများတွင် ရာသီ စပါးရိတ်သိမ်းချိန် ဖြစ်သည့်အတွက် ဒေသခံများမှာ စပါးရိတ်သိမ်းမှုမပြုလုပ်ရဘဲ စားဝတ်နေရေး အတွက် စပါးအရှုံးပေါ်မှုများကို ကြုံတွေ့နေကြရကြောင်းလည်း မုန်းမြို့နယ် ဒေသခံ တစ်ဦးက ပြောသည်။

၎င်းဒေသခံက “အရင်တစ်ခေါက်ကလည်း မိုးကျလို့ စပါးက တစ်ခါပျက်ပြီးပြီ။ ဒီတစ်ခေါက်က စစ် ကြောင်းထိုးလာတော့ စပါးရိတ်သိမ်းချိန်၊ ရုတ်တရက် ထွက်ပြေးလာကြာတာ စပါးကမရိတ်ရဘူး။ စပါး ကသူ့အချိန်နဲ့ သူမရိတ်ရရင် ပျက်စီးတတ်တယ်။ ပြီးတော့ စစ်တပ်က လယ်ထဲက စပါးတွေ စုပုံထား တဲ့နေရာတွေကို အကုန်လိုက်ဖျက်ဆီးထားတယ်။ ဒီဘက်ရွာတွေကလည်း လယ်လုပ်ငန်းကို အဓိက လုပ်ကြတယ်။ အဲ့တော့စားသောက်ရေး စီးပွားရေးအကုန် ထိခိုက်ကုန်တယ်။”ဟု ပြောသည်။

အလားတူ ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများအတွင်းသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ် လျက်ရှိကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း စစ်ကောင်စီမှဒေသခံ(၁၄၃)ဦး ဖမ်းဆီးကာ (၂၅) ဦးသတ်ဖြတ်ခဲ့သဖြင့် ဒေသခံ ပြည်သူများမှာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုများရှိနေ၍ မကြာ ခဏ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကေအဲန်ယူ ညောင်လေးပင်ခရိုင်တာဝန်ရှိသူများက ပြောသည်။