နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်မြောက်ပိုင်း၊ သံတောင်ကြီးမြို့နယ် ငွေတောင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများ ရာသီအကူးအပြောင်းကြောင့် တုပ်ကွေးရောဂါအဖြစ်များပြီး ဆေးဝါး အ ပြင် ဆေးကုသမှုပေးမည့် ကျန်းမာရေးဝန်ထမ်းများလိုအပ်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
ကရင်နီ (ကယားပြည်နယ်)နှင့် နေပြည်တော် ပျဥ်းမနားနယ်မြေတို့နှင့် နယ်မြေချင်းနီး ကပ်နေသော ငွေတောင်ကျေးရွာအုပ်စုရှိ ငွေတောင်၊ ကိုးဒစ်သရက်တောင်၊ ကိုးဒစ်ရွာ တန်းရှည်၊ နန်းချိုအထက် အောက်ကျေးရွာများတွင် ကျန်းမာရေးဝန်ထမ်းမရှိသည့် အပြင် ရာသီတုပ်ကွေးကြောင့် ဒေသခံများနှင့် ထိုရွာများသို့ အနီးအနားမှ စစ်လာရှောင်ကြသူများတွင် တုပ်ကွေးကြောင့် ဆေးဝါးများလည်း လိုအပ်နေသည်ဟု စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက ပြောသည်။
“သံတောင်မြောက်ပိုင်းဘက်မှာ နှစ်ဖက်စစ်တွေဖြစ်ကြတော့ အဲဒီဘက်ကဒေသခံ တွေ လည်း ငွေတောင်ဘက် လာရှောင်ကြတာရှိတယ်၊ အဲ့ဘက်တွေက တော်တော် လေး ကျန်းမာရေး လိုအပ်ချက်ရှိနေတာ တုပ်ကွေးဖြစ်တာတော့ရက်စက်တယ်။ ဖြစ်ပြီး လည်း ပြန်ဖြစ်တာ လူတိုင်းနီး ပါးပဲ။ အဓိကကကတော့ တုပ်ကွေးနဲ့ပတ် သက်တဲ့ဆေး တွေတအားလိုတာ။ နှာစေးချောင်းဆိုးနဲ့ ဖျားနာကိုက်ခဲတာတွေအတွက် ဆေးတွေ ပေါ့နော်။” ဟု အဆိုပါစစ်ရှောင်ကူသူက ပြောသည်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး တိုက်ပွဲများဖြစ်ပွားနေသည့်အခြေအနေတွင် ကရင်နီ ပြည်နယ်ဘက်ခြမ်းရှိ ကျန်းမာရေးဝန်ထမ်းအချို့မှာ ငွေတောင်ရွာစုများဘက်သို့ လာရောက်ကုသမှုပေးနေရကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။
၎င်းက “ငွေတောင်ဘက်မှာက ကယန်းရွာက နှစ်ရွာလောက်ပဲရှိတယ်။ ကျန်တာက ဂယ်ဘား ကရင်လူမျိုးရွာတွေချည်းပဲ။ တုပ်ကွေးဖြစ်တော့ ကရင်နီခွင်ထဲမှာရှိနေတဲ့ရွာ တွေဘက်က ဆရာဆရာမတွေက လာကုပေးရတယ်။ အခုချိန်မိုးကရွာတုန်းပဲဆိုတော့ ဆိုင်ကယ်နဲ့ လူတင်ရင်အဆင်မပြေလို့ လမ်းလျှောက်ပြီးလာကုပေးရတာ။ တိုက်ပွဲတွေ ကလည်း အဲဒီနားမှာဖြစ်နေတာ။ အဲဒီလိုမှအဆင်မပြေဘူးဆိုရင် ကရင်နီထဲက စစ်ရှောင်စခန်းတွေဘက်မှာရှိနေတဲ့ဆေးကုပေးတဲ့နေရာတွေဆီကို လူနာက လာကုရတဲ့အနေအထားပေါ့။” ဟု ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်သည့် တောင်ငူခရိုင်အတွင်းရှိ သံတောင် ကြီးမြို့နယ်တွင် KNU ကျန်းမာရေးအဖွဲ့အစည်းများ၏ ကျန်းမာရေးဌာနများရှိသော် လည်း ၎င်းတို့လက်လှမ်းမမီနိုင်သောဒေသများရှိနေသေးသလို စစ်ကောင်စီ၏စစ်ဆေး ရေးဂိတ်များကိုလည်း သတိထားနေရကြောင်း ကရင် ကျန်းမာရေးနှင့်ကယ်ဆယ် ရေးဌာန-KDHW က ကေအိုင်စီ၏ မေးမြန်းချက်ကို ဖြေကြားထားသည်။

KDHW မှ တာဝန်ရှိသူတစ်ဦးက “တချို့အထောက်အပံ့အတွက်ကျတော့ လမ်းကြောင်း က ပို့နေကျလမ်းကြောင်းမဟုတ်ရင် စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်တွေဖြတ်ရတာက အဆင်ပြေမပြေရှိသေးတယ်။ ကျမတို့မှာ ရွှေ့ပြောင်းကျန်းမာရေးအဖွဲ့လည်းရှိ တယ်ဆို တော့ ခရိုင်ကကျန်းမာရေးမှူးနဲ့ဝန်ထမ်းတွေနဲ့ အခုဖြစ်နေတဲ့ငွေတောင်ဘက်က ကိစ္စတွေကို တိုင်ပင်ဆွေးနွေးသွားမှာပါ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယအပတ်က စစ်ကောင်စီလက်အောက်ရှိ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သံတောင် ကြီးမြို့နယ်အတွင်းရှိ ငွေတောင်(အောက်)ရွာအပါအဝင် ကျေးရွာပေါင်း(၂၁)ရွာတွင် ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ လုပ်ဆောင်ခဲ့သေးသည်။
သို့သော် ငွေတောင်ကျေးရွာအုပ်စုအပါအဝင် ကရင်ပြည်နယ်မြောက်ပိုင်းအစွန်ရှိ ကျေး ရွာများမှာ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး အပါအဝင် ကဏ္ဍအများ အပြားတွင် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေဆဲဖြစ်သလို စစ်အစိုးရ၏ ကျန်းမာရေး ဌာနခွဲ အချို့ရှိသော်လည်း ဆေးကုသမှုပေးမည့်သူမရှိဖြစ်နေသည်ဟု ဒေသတွင်း မီဒီယာများ က ဖော်ပြချက်အရ သိရသည်။
အလားတူ ယာဒိုဒေသနှင့် ကရင်နီပြည်နယ် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေး ရှောင် စခန်းများတွင်လည်း ရာသီတုပ်ကွေးကြောင့် ဆေးဝါးလိုအပ်ချက်ကြီးမားနေကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောဆိုကြသည်။



















