Home သတင်း စကခ ၁၂ နှင့် လှိုင်ဝစစ်ဆေးရေးဂိတ် ဒရုန်းဗုံးချတိုက်ခိုက်ခံရအပြီး ရော့ကက်ဒုံးများ၊ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေ

စကခ ၁၂ နှင့် လှိုင်ဝစစ်ဆေးရေးဂိတ် ဒရုန်းဗုံးချတိုက်ခိုက်ခံရအပြီး ရော့ကက်ဒုံးများ၊ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေ

1010
Photo: Crd.

နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်များ ကော့ကရိတ်အခြေစိုက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ) အမှတ် ‌၁၂ နှင့် လှိုင်ဝစစ်တပ်စစ်ဆေးရေးဂိတ်နေရာများအား ယမန်နေ့ နိုဝင်ဘာလ ၁၁ရက်နေ့က ဒရုန်းဗုံးချတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်တပ်စစ်စခန်းနေရာ ၅ခုခန့်မှ ကျေးရွာများဘက်လက်နက်ကြီး မျိုးစုံ နေ့ရောညပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ပြောသည်။

“ကော့ကရိတ် စစ်တပ် ၉၇ ကနေပစ်တယ်။ လှိုင်ဝစစ်တပ်က ပစ်တယ်။စကခ ၁၂ အမြှောက်ကုန်းက မစ်ဇိုင်း ၄ လုံးတွဲတွေ ပစ်ထုတ်တာ အံဖကြီးရွာကအိမ်တွေ ပျက်စီးခဲ့တယ်/ လူထိခိုက်ဒဏ်ရာရတာ တော့ မသိရသေးဘူး။ အာရှလမ်းဘက်ကပစ်တယ်။ ၂၃၁ တပ်က ပစ်တယ်။ မြဝတီလမ်းဟောင်းဘက်၊ ခနိမ်းမူ၊ ကြောင်ရှာကုန်း၊ ပျားပင်၊ ရန်ကုတ်ရွာတွေဘက်သို့လည်း ည ၈နာရီ ၁၆ ကျော်လောက်က စပြီး လက်နက်တွေကြီးတွေ ည ၁၀ နာရီ ကျော်အထိ ပစ်တယ်။ အကုန်လုံးပုန်းကျင်းထဲ ဆင်းနေကြ၊ ဆင်းအိပ်ကြရတယ် ”ဟု ကြောင်းလျှာကုန်းရွာမှ ဒေသခံက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်ကတည်းက တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေမှာ ယခု နိုဝင်ဘာ ၁၂ အထိ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဝေါလေ ဒေသဘက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဆက်ဖြစ်ပွားနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များက ပြောသည်။

‌ဥကရိထကျေးရွာသားတစ်ဦးက “အခု ဒီကနေ့ ၁၂ ရက် မနက်ဝေါလေမှာ ရွာတွေ ဘက်လက်နက်ကြီး ပစ်ထုတ်နေတယ်။ စစ်တပ်က သူတို့ စခန်းနားကို ကပ်ပြီး လာတိုက်လို့ မရအောင် လက်နက်ကြီး ရမ်းပစ် တာတွေ လုပ်နေတယ်။ ကရင်အဖွဲ့တွေ၊ PDF တွေက ဒရုန်းနဲ့ ဗုံးချတာမျိုးလုပ်မရအောင် သူတို့ ပြန် ပစ်စရာ လက်နက်ကြီးပဲ ရှိ‌တယ်။ ရွာသားစိုက်ခင်း၊ ရွာသားအိမ်တွေ၊ ဘုရားကျောင်း၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေပဲ အမြဲထိခိုက်တယ် ”ဟု ပြောသည်။

ယခုရက်ပိုင်းများအတွင်း KNU တပ်မဟာ ၆ နယ်မြေအတွင်း မြေပြင်တိုက်ပွဲကြီးများ ဖြစ်ပွားမှုမရှိဘဲ စစ်တပ်နေရာများကို KNLA ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ဒရုန်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ရာချီ တိုက်ခိုက်နိုင်ခဲ့ကြောင်း စစ်တပ်လက်အောက်ခံဌာနဆိုင်ရာရုံး၊ စစ်တပ်စခန်းကုန်းများထိခိုက် ပျက်စီး မှုနှင့် သေဆုံးဒဏ်ရာရမှုများ ရှိနေကြောင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များ ထုတ်ပြန်ချက်များအရ သိရသည်။

လတ်တလော ကရင်ပြည်နယ်အတွင်း ဖာပွန်၊ ကော့ကရိတ်၊ မြဝတီ၊ သံတောင်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ် ၅ ခုတွင် နေ့စဉ်တိုက်ပွဲငယ်များ ဆက်ရှိနေပြီး စစ်တပ်က စာသင်ကျောင်းများဖွင့်လှစ် သင်ကြား ခိုင်းစေသော်လည်း ကျောင်းလာတက်နိုင်သူ မရှိသလောက်နည်းပါနေကြောင်း၊ ပညာရေးဝန် ထမ်းများ မှာလည်း သင်ကြားရေးထက်တိုက်ပွဲသံကိုသာ နားစွင့်ပြီး နေ့စဉ်ကျောင်းသို့ သွားနေကြရကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။

ထို့အပြင် KNU တပ်မဟာ ၆ နယ်မြေအတွင်းသို့ လေယာဉ်ကင်းထောက်ပျံသန်းမှု၊ ဒရုန်းဖြင့် ကင်း ထောက်ပျံသန်းမှုများ စစ်ကောင်စီတပ်က နေ့စဉ်လုပ်ဆောင်နေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်း အမြစ်က ပြောသည်။