နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အစပ်ဖြစ်သည့် ချောင်း နှစ်ခွကျေးရွာအနီးဝန်းကျင်တွင် ယနေ့ နိုဝင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းအချိန်က တိုက်ပွဲပြင်းထန်ပြီး စစ် ကောင်စီတပ်မှ လေကြောင်းအသုံးပြုတိုက်ခိုက်သည့်အတွက် ကလေးငယ်(၂)ဦး သေဆုံးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်သည့် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာတွင် ယနေ့နံနက် ၁၁ နာရီဝန်းကျင်အချိန်က စစ်ကောင်စီဘက်မှ လေကြောင်း အသုံးပြုတိုက်ခိုက်သောကြောင့် ပေါလောကျေးရွာမှ အသက် (၇)နှစ်နှင့် အသက်(၈)နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ နေ့တိုင်းပစ်ခတ်ကြတာ ဘယ်နေရာမှာကျပြီး ဘာတွေထိသွားလဲ မသိတော့ဘူး။ ထိတာက တော်တော်ထိတယ်။ ဒီမနက်လည်း အစောကြီးပစ်ကြတာ၊ ပြီးတော့ လေယာဉ် နဲ့လည်းစစ်ကူလာပစ်တယ်။ လေယာဉ်နဲ့လာပစ်တော့ အခုကလေးငယ်နှစ်ဦး သေဆုံးသွားတယ်။ လူနေ အိမ်တွေလည်း ထိခိုက်ပျက်စီးတာအများကြီးရှိတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ချောင်းနှစ်ခွကျေးရွာ အထ္တရံ(ချောင်းနှစ်ခွ)တံတားရှိ စစ်ကောင်စီတပ်နှင့် ချောင်းနှစ်ခွနယ်မြေ စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ နိုဝင်ဘာလ (၁၀)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ပြီးနောက် အဆိုပါတံတားလည်း ပိတ်ထားလိုက်ရပြီး ဒေသခံများ ဖြတ်သန်းသွားလာ၍ မရ တော့ကြောင်းလည်း ဒေသခံက ပြောသည်။

အဆိုပါ နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့လည်း ပါဝင်တိုက်ခိုက်ကြသလို စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုများပြီး တိုက်ပွဲပြင်းထန်သည့် အတွက် စစ်ကောင်စီဘက်မှ ထပ်မံအင်အားတိုးချဲ့လာမှုများလုပ်ဆောင်နေကြောင်း ဒေသအတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
ယခုတိုက်ပွဲဖြစ်ပွားရာဒေသတွင် စောဘီလူးဦးဆောင်သည့် BGF အမှတ် (၁၀၂၁) တပ်ရင်း တပ်ဖွဲ့ များလှုပ်ရှားနယ်မြေဖြစ်သလို ချောင်းနှစ်ခွတံတားဂိတ်နှင့် ရဲစခန်းတွင်လည်း BGF တပ်ဖွဲ့ဝင်များ အခြေချနေထိုင်ကြကြောင်းလည်း သိရသည်။
တိုက်ပွဲဆက်တိုက် ပြင်းထန်သည့်အတွက် ချောင်းနှစ်ခွကျေးရွာတွင် လူနေအိမ်မီး လောင်ပျက်စီးသွား ခြင်းရှိသလို ချောင်းနှစ်ခွ၊ ရေပူ-ကော့ကျိုက်နှင့် ကော့ပနောဖာသိမ်နှင့် အနီးအနားဝန်းကျင် ကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး အချို့မှာ ကျေးရွာထဲတွင် ပိတ်မိနေကြကြောင်း ဒေသခံထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင်လည်း ချောင်းနှစ်ခွတံတားဂိတ်နှင့် စစ်ကောင်စီရဲစခန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF တို့ ဝင်ရောက် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ ရဲစခန်းကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သေးသည်။



















