Home သတင်း နဘူး-ထီလုံ ကားလမ်းတိုးချဲ့ဆောင်ရွက်မှုကြောင့် လမ်းမဘေးရှိ ဒေသခံပြည်သူများ နစ်နာမှုများရှိနေ

နဘူး-ထီလုံ ကားလမ်းတိုးချဲ့ဆောင်ရွက်မှုကြောင့် လမ်းမဘေးရှိ ဒေသခံပြည်သူများ နစ်နာမှုများရှိနေ

839

နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင် (တပ်မဟာ -၇)နယ်မြေ၊ နဘူး-ထီလုံသွား ကား လမ်းမတစ်လျှောက် တိုးချဲ့ဆောင်ရွက်မှုကြောင့် လမ်းမနံဘေးရှိ ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံများ ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ နယ်စပ်ဒေသနှင့် တိုင်းရင်းသားဖွံ့ဖြိုးရေးဦးစီးဌာန(နတလ) အစီအစဥ်ဖြင့် အဆိုပါ နဘူး- ထီလုံလမ်းကို လမ်းတိုးချဲ့ဆောင်ရွက်မှုလုပ်ဆောင်လာခဲ့ခြင်းကြောင့် လမ်းတိုးချဲ့ရာဧရိယာများရှိ ဒေသခံများ ၏ စျေးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် လူနေအိမ်များထိခိုက်ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်နေကြောင်း အမည်မဖော် လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“သူတို့လမ်းချဲ့မယ် ဘာညာလုပ် မလွတ်တဲ့နေရာတွေ၊ ခြံမြေတွေရော ဆိုင်တွေ အိမ်တွေရော အကုန်ဖျက်ရ တာ။ မဖျက်လည်းမရတော့ အကုန်ဖျက်ရတယ်။ ဘာနစ်နာကြေးမှ မပေးဘူး” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ (နတလ)မှ ဦးစီးဆောင်ရွက်သော လမ်းလုပ်ငန်းခွင်တိုးချဲ့ရာနှင့်မလွတ်သော ခြံများ စျေးဆိုင်များ နေအိမ်များ၏ ပိုင်ရှင်များအတွက် နစ်နာမှုများအား ပြန်လည်ဖြေရှင်းပေးခြင်းမရှိသေးကြောင်းကိုလည်း ၎င်း မြေပိုင်ရှင်များအထံမှ သိရသည်။

အဆိုပါ လမ်းမဘေးတွင် ကွမ်းယာဆိုင်ဖွင့်ရောင်းသူတစ်ဦးက “ ကွမ်းယာရောင်းလာခဲ့တာ ဒီနေရာမှာပဲ စား‌ ဝတ်နေရေးအတွက် ဒါနဲ့ပဲ အလုပ်လုပ်နေရတာကြာ‌လှ‌နေပြီး။ ကျမတို့ အိမ်ဆို အရှေ့ဧည့်ခန်းက လမ်းနေရာ မှာပါတော့ ဖျက်ပေးရမယ်” ဟု ကေအိုင်စီ သို့ပြောသည်။

၎င်းလမ်းမကြီးသည် ကေအဲန်ယူ၏ ဖားအံခရိုင် နယ်မြေသတ်မှတ်ချက်ထဲတွင် ပါရှိသော်လည်း လမ်းတိုးချဲ့ လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး ကေအဲန်ယူ တာဝန်ရှိသူများကိုသာ အသိပေးခြင်းမျိုးသာရှိပြီး နှစ်ဖက် ညှိနှိုင်းဆွေးနွေးလုပ်ဆောင်ခြင်းမျိုးမရှိကြောင်းလည်း ကေအဲန်ယူ သတင်းအရင်းအမြစ်များထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၁ မှ၂၀၂၃ ခုနှစ်အတွင်း နဘူး-ထီလုံလမ်းတွင် (နတလ)၏ တံတားဆောက် လုပ်ရေး စီမံကိန်းအနီးရှိ လယ်ကွင်းများထဲတွင် ဆောက်လုပ်ရေး၌ အသုံးပြုထားခဲ့သည့် မြေကြီး၊ ဘိလပ်မြေနှင့် ကျောက်စရစ်ခဲများကို ပြန်လည်သိမ်းစည်းခြင်းမရှိသောကြောင့် လယ်ပိုင်ရှင်များအနေဖြင့် ၎င်းလယ်မြေထဲ တွင် မိုးစပါးစိုက်ပျိုး၍ မရသည့်အခက်အခဲရှိခဲ့ကြောင်း သိရသည်။