Home သတင်း မြိတ်နှင့်ထားဝယ် အကျဉ်းထောင်များတွင် ထောင်ဝင်စာတွေ့ခွင့်ပြန်လည်ရရှိ

မြိတ်နှင့်ထားဝယ် အကျဉ်းထောင်များတွင် ထောင်ဝင်စာတွေ့ခွင့်ပြန်လည်ရရှိ

772
Photo: Crd.

အောက်တိုဘာလ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ အကျဉ်းထောင်များတွင် ယနေ့အောက်တိုဘာလ ၂၄ ရက်မှ စတင်ပြီး ထောင်ဝင်စာတွေ့ခွင့် ပြန်လည်ရရှိပြီဖြစ်ကြောင်း အကျဉ်းသားမိသားစုဝင်များထံမှ သိရသည်။

ထားဝယ်မြို့နယ်နှင့် မြိတ်မြို့နယ် အတွင်းရှိ အကျဉ်းထောင်များကို ကိုဗစ်ကူးစက်မှုအကြောင်းပြ ချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၀ခုနှစ်၊ စက်တင်ဘာလမှစတင်၍ သုံးနှစ်ကျော်ကြာပိတ်ထားခဲ့ရာမှ ယခု ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၄ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီက ထောင်ဝင်စာတွေ့ခွင့်ကို ပြန်လည် ခွင့်ပြုပေးကြောင်း အကျဉ်းသား မိသားစုဝင်တစ်ဦးက ယခုလိုပြောသည်။

“ဒီနေ့မှပေးတွေ့တယ်။ ပျော်တာပေါ့ မတွေ့ရတာကြာပြီး။ တစ်ခါတွေ့ရင် မိနစ်၂၀ တဲ့။ ရပ်ကွက် ထောက်ခံစာရဲစခန်းထောက်ခံစာ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ အဲ့တာတွေအကုန်ပါမှ တွေ့လို့ရမယ်။ အရင်ကတော့ အချိန်ပိုတွေ့ချင်ရင် ထောင်ဝန်ထမ်းတွေကို ပိုက်ဆံပေးရတယ်။ အခုကတော့ ဘယ်လိုလာမလဲတော့ မသိသေးဘူး။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေပုဒ်မ အမျိုးမျိုးဖြင့် မတရားစွပ်စွဲဖမ်းဆီး ခံထားရသူ စုစုပေါင်း (၂၅,၃၃၁) ဦးရှိခဲ့ပြီး ၎င်းတို့အထဲမှ (၁၉,၆၁၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံရသူများအနက် (၇,၈၂၁) ဦးမှာ ထောင်ဒဏ်အသီးသီးချမှတ်ခြင်းခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း -AAPPက ထုတ်ပြန်ထားသည်။

ယခုလို အာဏာသိမ်းစစ်ကောင်စီမှ ထောင်ဝင်စာတွေ့ခွင့်ကို ရုတ်တရက်ခွင့်ပြုလိုက်ခြင်းမှာ နိုင်ငံ တကာ၏ ဖိအားများကြောင့်ဖြစ်ကြောင်း AAPP ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

၎င်းက “ထောင်တော်တော်များများပါ အားလုံးလို့ပြောလို့ရပါတယ်။ အခုလို တွေ့ခွင့်ပေးတာက နိုင်ငံ တကာ ဖိအားကြောင့်လည်းပါတယ်။ အဓိကက အကျဉ်းသားတွေ မိသားစုနှင့် တွေ့ခွင့်ပါ။ ဒါက အရင် Jail manual လည်း ပြဌာန်းပြီးသားပါ။ အရင်က ထောင်ဝင်စာတွေ့မယ်ဆိုရင်တော့ အိမ်ထောင်စု စာရင်းကတော့ ယူရတယ်။ ရပ်ကွက်တို့နဲ့ ရဲစခန်းတို့က မယူရပါဘူး။ လုံခြုံရေးအကြောင်းပြချက် ပေါ့လေး။”ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ထောင်ဝင်စာတွေ့ရာတွင်လည်း ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားသည့်လက်မှတ် များ ကိုပါ ယူဆောင်လာရသည့်အပြင် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအနေဖြင့်လည်း ရဲစခန်းတွင် ထောက်ခံစာသွားရောက် ယူဆောင်ရမှာဖြစ်သည့်အတွက် စိုးရိမ်စိတ်များရှိနေကြောင်း အကျဉ်းသား မိသားစုဝင်များက ဆိုသည်။

ယခုလို အကျဉ်းထောင်များအတွင်း ထောင်ဝင်စာတွေ့ခွင့်ပြုခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခွင့်ပြုပေးလိုက်ပြီးဖြစ်ကြောင်း အကျဉ်းသားအများရေး ကူညီသူများက ပြောဆိုသော်လည်း အခြား ဒေသများတွင် ထောင်ဝင်စာတွေ့ခွင့်ပေးခြင်းအပေါ် သီးခြားအတည်ပြုရယူနေဆဲဖြစ်သည်။