အောက်တိုဘာလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့ ဆင်ကုန်းကျေးရွာအနီး ယနေ့ နံနက်က ဖြစ်ပွားခဲ့သော တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီ စစ်ကြောင်းတို့ တိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဘက်မှ ခြေမြန်တပ်ရင်း ၂၀၇ တပ်ရင်းမှူးအပါအဝင် ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့ ဆင်ကုန်းကျေးရွာနှင့် မြို့တော်ဦးကျေးရွာဘက်ရှိ KNLA ပူးပေါင်းတပ်အား ထိုးစစ်ဆင် တိုက်ခိုက်ရန် ကော့ကရိတ်မြို့တွင်းမှ ထွက်ခွာသော အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ဆင်ကုန်း ကျေးရွာ တောင်ယာကုန်းဘက်အရောက် ယနေ့နံနက် ၄ နာရီကျော်အချိန်တွင် KNLA ပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် ခမရ ၂၀၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးငြိမ်းချမ်းကိုကို အပါအဝင် ၆ ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရ ခဲ့သည်ဟု စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံနေရသည့်အတွက် ရဟတ်ယာဉ်ဖြင့် ပစ်ကူပေးပြီး စစ်ကြောင်းပြန်ဆုတ်သွားကြောင်း စစ်ရေး နယ်မြေသတင်းအရင်းအမြစ်က ယခုလို ပြောသည်။
“ကော့ကရိတ် ဆင်ကုန်းရွာဘက်မှာရယ် မြို့တော်ဦး ရပ်ကွက်ဘက်မှာရယ် စစ်တပ်စစ်ကြောင်း ၂ခု ကောင်းမှု၊ လှိုင်စိမ်းဘက်ကို တက်ဖို့လုပ်တာမှာ မနက် ၄ နာရီကျော် ၅ နာရီလောက်မှာ ဆင်ကုန်း ဘက်မှာ လက်နက်အကြီးအသေးအကုန်ပစ်တာ မိုးမလင်းသေးဘူး။ တိုက်ပွဲ ဖြစ်နေတာ။ စစ်တပ်က ခမရ ၂၀၇ တပ်က တပ်ရင်းမှူးတစ်ယောက်အပါ လူ ၆ ယောက်သေတယ်။ ၈ ယောက် ဒဏ်ရာရတယ်။ စစ်ကြောင်းတော့ မြို့ထဲ ဘက်ပြန်ဆုတ်သွားပြီ ”ဟု ပြောသည်။
အဆိုပါ စစ်တပ်စစ်ကြောင်း နှစ်ခုပိတ်ဆို့တိုက်ခိုက်ခံရနေသည့် ဖြစ်စဉ်အတွင်း စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှု ၂နေရာမှ ကောင်းမှု၊ လှိုင်စိမ်း၊ ရန်ကုတ်၊ ကြောင်လျှာကုန်း ကျေးရွာများဘက် ရမ်းသမ်း ပစ်ခတ်မှုများ ရှိခဲ့ပြီး ဒေသခံရွာသားနှင့် နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိမရှိ ဆက်လက်စုံစမ်း အတည် ပြုနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဆင်ကုန်းရွာသားတစ်ဦးက “မြို့တော်ဦးရပ်ကွက်ဘက် ကတော့ ပစ်ခတ်ပေမယ့် အထိအခိုက် တော့ မသိရသေးဘူး။ ရပ်ကွက်သားတွေ မိုးမလင်းသေးဘူး။ အလုံးကြီးကျပေါက်မှာ ကြောက်လို့မြို့ထဲဝင်ပြေး ရတယ်။ တတန်ကူးနဲ့ ဆင်ကုန်းဘက်မှာက ရာဘာခြံသမားတွေလည်း ရွှေကြက်မင်း၊ ရွှေနတ်တောင် ဘုန်းကြီးကျောင်းဘက်တက်ပြေးရတယ်။ ရဟတ်ယာဉ်က လာပတ်ပစ်နေတာ ခြံတွေထဲတော့ ဗုံးသီး ကျထားတယ်။ သွားပြန်မကြည့်ရဲသေးဘူး။”ဟု ပြောသည်။
အဆိုပါ တပ်ရင်းမှူးသေဆုံးသည့် ခမရ ၂၀၇ တပ်ရင်းမှာ တပ်မ ၄၄လက်အောက်ခံ မွန်ပြည်နယ် အခြေစိုက်တပ်ရင်း တစ်ခုဖြစ်သည်။ KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ KNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ရာ လေးကေကော်၊ ဝေါလေ၊ သုံးထပ်ကွေ့၊ လက်ခတ်တောင်၊ ဥကရိထ၊ သေ့ဘောဘိုး၊ မြဝတီအာရှလမ်းသစ်တိုက်ပွဲများအတွင်း CDM ပြုလုပ်ထွက်ပြေးသူ၊ ရှေ့တန်းတိုက်ပွဲ အတွင်း အရာ ရှိများ အပါအဝင် အကျအဆုံးများသည့် တပ်ရင်းတစ်ခုဖြစ်ကြောင်း စစ်ရေးနယ်မြေသတင်းအရင်း အမြစ်က ပြောသည်။



















