Home သတင်း မဲဆောက်ဒေသအတွင်းက ရွှေ့ပြောင်းလုပ်သားများ ပုံစံမျိုးစုံဖြင့် လိမ်လည်ခံရမှုပိုများလာနေ

မဲဆောက်ဒေသအတွင်းက ရွှေ့ပြောင်းလုပ်သားများ ပုံစံမျိုးစုံဖြင့် လိမ်လည်ခံရမှုပိုများလာနေ

1030

အောက်တိုဘာလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်‌ဒေသတွင် ခိုလှုံနေထိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ယခုနှစ်ပိုင်းအတွင်း နေထိုင်ခွင့်၊ အလုပ်လုပ်ပိုင်ခွင့်နှင့် အလုပ်ရ ခွင့်များအကြောင်းပြ ငွေကြေးလိမ်လည်ခံရမှုပိုမိုများပြားလာကြောင်း သိရှိရသည်။

ပြီးခဲ့သည့် မေလမှ ယခုအောက်တိုဘာလအထိ အလုပ်ရမည်ဟု အလုပ်စမတ်ကြေး (အလုပ် လျှောက်ကြေး)၊ အလုပ်လုပ်ခွင့်နှင့် နေထိုင်ခွင့်ကဒ် (ပန်းရောင်ကဒ်)၊ နိုင်ငံသားကဒ်လုပ်ပေးမည်ဟု မြန်မာရွှေ့ပြောင်း အလုပ်သမားများထံမှ ငွေကြေးတောင်းယူပြီး လိမ်လည်ခံရသည့် ဖြစ်စဉ် များမဲ ဆောက်ဒေသအတွင်းတွင် လူပေါင်းရာချီရှိနေကြောင်း လိမ်လည်ခံရသည့် အလုပ်သမားများက ကေအိုင် စီသို့ ပြောသည်။

မယ်ကုရပ်ကွက်နေထိုင်သူ မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦးက “ကျနော်တို့ မယ်ကုဘက်မှာ မြန်မာအလုပ်သမားတွေများတယ်။ စက်ရုံတွေလည်း များတယ်။ အဲ့ဒီမှာ လာပြီး ကော်စက်ရုံမှာ အလုပ်ရမယ်။ စမတ်ကြေး (အလုပ်လျှောက်ကြေး ) ပေးရမယ်ဆိုပြီး လူ၂၀၀ စာ တစ်ယောက်ကို ‌ဘတ် ငွေ နှစ်ထောင်ကောက်ယူတယ်။ အခုအောက်တိုဘာလအထိ အလုပ်မရကြဘူး။ တိုင်တော့လည်း ထိထိရောက်ရောက်အရေးယူ တာမျိုးမရှိဘူး။ အဲ့ဒီထဲမှာ ကျနော့် ရွာက တက်လာကြတဲ့ အမျိုးတွေ၊ ညီ အစ်ကို မောင်နှမတွေအလုပ်မရဘဲ ၁၂ ယောက်အပါအဝင် ငွေတွေအလိမ်ခံရတယ်”ဟု ပြောသည်။

ထို့အပြင် မြန်မာပြည်ရှိ ပြောင်းရွှေ့နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအပေါ် ယုံကြည် အောင်ပြော ဆိုစည်းရုံးပြီး ထိုင်းဆယ်နှစ်ခံမှတ်ပုံတင်ကဒ် ရရှိမည်ဟုပြောဆိုကာ ငွေကြေးလိမ်လည် ခံရသူများလည်း ကြုံနေရကြောင်းလည်း လိမ်လည်ခံရသည့် အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

“ကျမတို့ကို ထိုင်းဆယ်နှစ်ခံ ဘတ်ကဒ်ရမယ်။ လောလောဆယ် ဘတ် ၃ သောင်းပေးထားပေါ့။ တစ်ခုကို ဘတ် ၆ သောင်းကျမယ်။ ကဒ်ရလာမှ ကျန်တဲ့ငွေ ပေးပေါ့ဆိုပြီး ငွေတစ်ဝက်တောင်းထားတယ်။ အခု တစ် နှစ်ပြည့်တော့မယ် ဘာကဒ်မှ မရဘူး၊ ငွေယူထားပြီး ရှောင်နေတယ်။ အဲ့လို လိမ်ခံရတဲ့ သူတွေ အများကြီးရှိနေတယ်၊ အတည်တကျ အလုပ်လုပ်နေထိုင်ချင်လို့ ဆယ်နှစ်ခံကဒ်လုပ်တာ ငွေလိမ် သက် သက်ဆိုတော့ သူများတွေ သတိထားကြဖို့ ပြောချင်တာပါ”ဟု မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် ၊ ဆယ်နှစ်ခံကဒ်ရခွင့်များအား ပွဲစားသဖွယ် လုပ် ကိုင်ဆောင်ရွက် လိမ်လည်နေသူများမှာ ထိုင်နိုင်ငံသားများနှင့်အိမ်ထောင်ကျပြီး အကာအကွယ်ယူ ကာလိမ်လည်နေကြသူများနှင့် ထိုင်းဌာနဆိုင်ရာအကျင့်ပျက်ဝန်ထမ်းအချို့ပါဝင် လုပ်ဆောင်ကြသည့် အတွက် အရေးယူခံရသည့် ဖြစ်စဉ်များရှိနေကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်သူ မြန်မာပြည်သားများအ‌ရေးပူး‌ပေါင်းလှုပ်ရှားမှု ‌ကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “မဲ့ဆောက်မှာက မြန်မာရွှေ့ပြောင်းလုပ်သားတွေက ပစ်မှတ်ထားလိမ်လည်တဲ့ သူတွေများတယ်၊ အလုပ်စမတ်တာ၊ ပန်းရောင်ကဒ်လုပ်တာ၊ ဆယ်နှစ်ခံဘတ်ကဒ်လုပ်တာတွေက လိမ်တာတွေပဲ။ ကိုယ်တိုင်ပဲစုံစမ်းပြီး မလုပ်တတ်ကြတော့ လိမ်တဲ့သူတွေက လိမ်မြဲဖြစ်နေတယ်။ ထိုင်းဘတ်ကဒ် ကိစ္စက သန်းခေါင်စာရင်းနာမည်သွင်းပြီး လုပ်ပေးမှုကနေ တရာမဝင်ကဒ် ၇၀၀ ကို မသင်္ကာစာရင်းသွင်းပြီး စုံးစမ်းစစ်ဆေး ပယ်ဖျက်မယ်။ ကဒ်လုပ်ပေးတဲ့ လူဝင်မှုကြီးကြပ်ရေးဌာန ဦးစီးမှူးအဆင့်ရှိသူကို အရေး ယူထားတယ်။ အဲ့လိုပဲ အရပ်သားထိုင်းတွေ၊ မြန်မာတွေထဲက လိမ်တဲ့သူတွေ ကိုလည်း တိုင်ကြား ထား ပေမယ့် အရေးယူ ဖမ်းဆီးတာမျိုးတော့ မဲ့ဆောက်မှာမရှိသေးဘူး ” ဟု ပြောသည်။

လတ်တလော မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကြပ်အတည်းနှင့် ပြည်တွင်းစစ်ဖြစ်ပွားနေချိန်တွင်ထိုင်း-မြန်မာနယ်စပ်ဘက် ပြောင်းရွှေ့လာကြသည့် မြန်မာနိုင်ငံသားများ လူသောင်းချီ ရှိနေပြီး မြန်မာအများစု နေထိုင်သည့် နေရာများတွင် ငွေကြေးလိမ်လည်မှုများ၊ ဒုစရိုက်မှုများ၊ လူကုန်ကူးမှုများ ၊ မူးယစ်ဆေး ဝါးမှုများနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ယခုနှစ်ပိုင်းများအတွင်း ပိုအဖြစ်များလာကြောင်း မဲဆောက် အခြေစိုက်မြန်မာရွှေ့ပြောင်းလုပ်သားအရေး လုပ်ဆောင်နေသူများ ပြောစကားအရ သိရသည်။