Home သတင်း NCA စာချုပ်ပါ ကတိကဝတ်ကို စောင့်ထိန်းကြရန် အပစ်ရပ်အဖွဲ့များအား အာဏာသိမ်း စစ်ခေါင်းဆောင်ပြော

NCA စာချုပ်ပါ ကတိကဝတ်ကို စောင့်ထိန်းကြရန် အပစ်ရပ်အဖွဲ့များအား အာဏာသိမ်း စစ်ခေါင်းဆောင်ပြော

834
Photo: MRTV

အောက်တိုဘာလ ၁၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် -NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း များ အနေဖြင့် NCA ပါ ကတိကဝတ်များကို စောင့်ထိန်းကြရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီးမင်း အောင်လှိုင်က ယနေ့အောက်တိုဘာလ ၁၅ ရက်နေ့တွင် နေပြည်တော် MICC 2 ခန်းမ၌ ကျင်းပသည့် NCA စာချုပ် လက်မှတ်ထိုးခြင်း ၈ နှစ်မြောက်အခမ်းအနားမိန်းခွန်းတွင် ပြောကြားလိုက်သည်။

စစ်ခေါင်းဆောင်က “ နိုင်ငံတော်တည်ငြိမ်ရေးအတွက် NCA ကို အလေးထားဆောင်ရွက်သွားမယ်ဖြစ်တဲ့အတွက် NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့အစည်းတွေကလည်း NCA ပါ ကတိကဝတ်ကိုစောင့်ထိန်းကြဖို့နဲ့ ပွင့်လင်းမြင် သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့နဲ့ဆက် လက်အကောင်ထည်ဖော်ဆောင်ရွက်သွားကြပါ။”ဟု ပြောကြားခဲ့သည်။

ထို့အပြင် NCA ကို အလေးထားဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် လက်မှတ်ထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများသည်လည်း တွေ့ဆုံညှိနှိုင်းရေးဆွေးနွေးပွဲများဆီကို လှမ်းလာကြရန်နှင့် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်း လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေး တည်ဆောက်ရန် စစ်ခေါင်းဆောင်က ပြောဆိုထားသည်။

ဆက်လက်၍ စစ်ခေါင်းဆောင်က ၂၀၁၁ ခုနှစ်၊ ဒီမိုကရေစီ ပထမအစိုးရလက်ထက်တွင် ဒီမိုကရေစီစနစ်အစ တာထွက်ကောင်းခဲ့ပြီး တိုင်းပြည်အထိုက်အလျောက် တိုးတက်ခဲ့သလို NCA စာချုပ်ကြီးပေါ် ပေါက်လာခဲ့ပြီး နောက်တွင်လည်း ငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းများရရှိခဲ့ကြောင်းလည်း သူ့၏မိန့်ခွန်းတွင် ပြောကြား ထားသည်။

စစ်ကောင်စီဘက်က NCA ကို အလေးထားဆောင်ရွက်သွားမည်ဟုပြောဆိုသော်လည်း ၂၀၂၁ခုနှစ်၊ စစ်အာဏာ သိမ်းခြင်းသည် NCA စာချုပ်၏ အခြေခံမူများကို ချိုးဖောက်ခဲ့ခြင်းဖြစ်ပြီး စာချုပ်ကိုဖျက်ဆီးလိုက်ခြင်း ဖြစ်သည်ဟု လက်မှတ်ရေးထိုးရာတွင်ပါဝင်ခဲ့သော KNU-ကရင်အမျိုးသားအစည်းအရုံး၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး-ABSDFနှင့် ချင်းအမျိုးသားတပ်ဦး-CNFတို့က အောက်တိုဘာလ (၁၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော NCA စာချုပ်နှင့်ပတ်သက်သည့် ပူးတွဲသဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒိုစောတောနီးကလည်း “ဒီနေ့ ဒီကာလမှာ ကျနော်တို့ မြင်တွေ့နေရတဲ့ စစ်အုပ်စုကနေပြီးတော့ မရမက မနေနိုင်မထိုင်နိုင်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေတယ်ဆိုတာဟာ အမှန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဘယ်လိုမှ လုပ်လို့မရဘူး။ စစ်အာဏာ သိမ်းပြီး ကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေမရှိတော့တဲ့အခါ အစိုးရလည်းမရှိတော့ပါဘူး။ လွှတ်တော် လည်းမရှိ တော့ပါဘူး။ သူကိုယ်တိုင်ကပဲ အာဏာသိမ်းပြီးတော့ ဒီအာဏာကို ထပ်ပြီးရူးတဲ့အခါမှာ သူနဲ့ သွားပြီးတော့ ဆွေးနွေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့အပေါ်မှာ ကျနော်တို့ဆက်ပြီး လုပ်သွားရမယ့်အလုပ်ဟာ စစ်အာဏာ ရှင်ပြုတ်ကျရေးအတွက် ဦးစားပေးပြီးလုပ်ရမှာဖြစ်ပါတယ်” ဟု ယနေ့အဖွဲ့အစည်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြောကြားထားသည်။

နေပြည်တော်တွင် ယနေ့ ကျင်းပသည့် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ NCA လက်မှတ်ရေး ထိုးထားသည့် အဖွဲ့အချို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသူရှိသလို KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူ တူးစေးဖိုးအဖွဲ့တို့ အပါအဝင် အပစ်ရပ်တိုင်းရင်းသားခေါင်းဆောင်အချို့နှင့် နိုင်ငံခြားသံတမန်အချို့လည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။