
အောက်တိုဘာ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် ကြာအင်ဆိပ်ကြီး မြို့နယ်ရှိ ကွီလုံတိုင်စစ်စခန်းမှ စစ်ကောင်စီတပ်၏ အမြဲလိုလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုလုပ်ဆောင်သောကြောင့် တိမ်းရှောင်နေရ ကြသော ဒေသခံရွာသားများမှာ ယခုအချိန်ထိ ကျေးရွာသို့ ပြန်လည်နေထိုင်၍မရဲသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကုန်ပိုင်းက ကွီလုံတိုင်စခန်းရှိ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်မှုလုပ်ဆောင်ရာတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးအပြင် လေယာဉ်နှင့်ပါ တုန့်ပြန်ပစ်ခတ်မှုများလုပ်ဆောင်သည့်အတွက် အနီးအနား ကျေးရွာ များဖြစ်သည့် ကွီလုံတိုင်၊ တောင်ကလေး၊ မဲတလဲနှင့် ထီးသဘလုခီး ကျေးရွာများမှ ဒေသခံရွာသား တစ် ထောင်ကျော် နေရပ်စွန့်ခွာတိမ်းရှောင်ရခဲ့ရခြင်းဖြစ်သည်။
လက်ရှိအချိန်တွင်လည်း စစ်ကူတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA တပ်ဖွဲ့များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသလို စစ်ကောင်စီဘက်ကလည်း ကျေးရွာဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများ အလျင်းသင့်သလို လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။
၎င်းက” စစ်ကောင်စီတွေက စခန်းမှာလည်း ရှိတယ်။ စစ်ကူသွားမယ့် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး တပ်ဖွဲ့တို့တိုက်ပွဲဖြစ်တာရှိတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေယာဥ်နဲ့ပါပစ်ခတ်မှုရှိတော့ ရွာသားတွေပြန်နေလို့မရဲသေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီတပ်သည် မြေပြင်တွင် စစ်ကူလာတက်လာ၍ မရသည့်အတွက် လေယာဥ်ဖြင့် စစ်ကူနှင့် ရိက္ခာများ လာရောက်ပို့ဆောင်နေကြရပြီး စခန်းပတ်ပတ်လည်တွင်လည်း တော်လှန်ရေးတပ်ဖွဲ့များ ဝိုင်းထားလျက်ရှိကြောင်း နယ်မြေအတွင်း တော်လှန်းရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုက တိုက်ပွဲကြီးကြီးမားမားတော့ မရှိဘူး။ အသင့်အနေအထားတော့ရှိတယ်။ သူတို့(စစ်ကောင်စီ) တပ်ရင်း တွေကိုတော့ ကျနော်တို့တပ်ဖွဲ့တွေ ပတ်ပတ်လည်ဝိုင်းထားတယ်။ အဲ့နေရာက လေယာဥ်ဆင်းဖို့ ခက်ခဲတယ်။ ကျနော်တို့တပ်ဖွဲ့တွေ သူတို့ကို ၂၄ နာရီလုံးလုံး စောင့်နေတာ သိတော့ သူတို့တွေ ပတ်ပတ်လည်ကို ရမ်းသမ်း ပစ်ခတ်နေတယ်”ဟု နယ်မြေခံ KNLA တာဝန်ရှိသူတစ်ဦးက ပြောသည်။
အမှတ်(၁၃) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကစ) လက်အောက်ခံ ခြေလျင်တပ်ရင်း-ခမရ (၃၃၉)တပ်ရင်း အခြေစိုက်နေထိုင်သည့် ကွီလုံတိုင်စစ်စခန်းကို ပြီးခဲ့သည့် ၂၀၂၂ခု နှစ်၊ အောက်တိုဘာလတွင် ကေအဲန်ယူ- တပ်မဟာ(၆)တပ်ရင်း (၁၇၊ ၁၈) ပူးပေါင်းတပ်များက တက်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးသည့်စခန်းဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့တွင်လည်း စကစ(၁၃)လက်အောက်ခံ ခမရ (၅၅၈) နှင့် ခမရ (၅၆၁)တပ်ရင်းတို့မှ ဗိုလ်ကြီးရဲသွေး၊ ဗိုလ်ကြီးဆန်းမောင်မောင်နှင့် ဗိုလ်ကြီးမျိုးမင်း အောင်တို့ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် စစ်ရှောင်နေကြသော မဲတလဲကျေးရွာသားများ၏ နေအိမ် (၃)လုံး၊ ကားနှင့်ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။


















