Home သတင်း မော်လမြိုင်မြို့ရှိ လူငယ်အများစုနေထိုင်ရာနေအိမ်များ ဧည့်စာရင်းပိုမိုစစ်ဆေးခံနေရ

မော်လမြိုင်မြို့ရှိ လူငယ်အများစုနေထိုင်ရာနေအိမ်များ ဧည့်စာရင်းပိုမိုစစ်ဆေးခံနေရ

1305
Photo: CJ

အောက်တိုဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ရပ်ကွက်တချို့ရှိ အမျိုးသားလူငယ်အများစုနေထိုင်ရာ နေအိမ်များတွင် စစ်ကောင် စီတပ်နှင့် ရပ်ကွက်လူကြီးများက ဧည့်စာရင်းစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း မော်လမြိုင်သို့ ပြောင်း ရွှေ့နေထိုင်လာသူများက ပြောသည်။

မော်လမြိုင်-ကျိုက်မရောကားလမ်းပေါ်ရှိ မင်းရွာကျေးရွာတွင် တည်ဆောက်နေသည့် မော်လမြိုင်အကျဉ်းထောင် အသစ်ပေါ်ကို အောက်တိုဘာလ ၁၄ ရက်နေ့က ဒရုန်းဗုံးသီးဖြင့်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်နှင့် ရပ် ကွက်အုပ်ချုပ်ရေးမှူးက လူငယ်အများစုနေထိုင်သည့် နေအိမ်အဆောင်၊ တိုက်ခန်းနှင့် တန်းလျားများတွင် ဧည့်စာ ရင်းလိုက်လံစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ပုံမှန်ဆိုရင် ဧည့်စာရင်းလာစစ်ဆေးရင် ရပ်ကွက်လူကြီးတွေပဲလာတယ်။ အခုဆိုရင် ရဲတွေ စစ်သားတွေပါ လာ စစ်တယ်။ အဓိကက ဧည့်စာရင်းစာရွက်ရှိ မရှိလိုက်စစ်တာ။ စာရွက်မရှိရင် ဒဏ်ရိုက်တယ်။ အဆောင်တွေ၊ နေအိမ်တိုက်ခန်း၊ တန်းလျားတွေမှာ လိုက်ပြီးတော့စစ်ဆေးတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

မော်လမြိုင်မြို့ရှိ ရပ်ကွက်များတွင် မော်လမြိုင်အကျဉ်းထောင်အသစ်ပေါ်သို့ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက် မခံရမှီကာလအတွင်း ယခုလိုဧည့်စာရင်းစစ်ဆေးမှုများကို ပြုလုပ်ခြင်းမရှိဘဲ ၄ လတစ်ကြိမ်သာ လာရောက် စစ်ဆေးလေ့ရှိကြောင်း ရွှေ့ပြောင်းလာသည့် လူငယ်တစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်က အမျိုးသားလူငယ်အများစုနေထိုင်သည့် နေအိမ်များကို ဧည့်စာရင်းစစ်ဆေးမှုများ ပိုမိုပြုလုပ်လာပြီး ထောက်ခံစာစာရွက်မရှိပါက ဒဏ်ငွေ ၅ သိန်းအထိ ပေးဆောင်ရကြောင်း ရွှေ့ပြောင်းလာသည့် နောက်ထပ်လူငယ်တစ်ဦးက ယခုလိုပြောသည်။

“ဧည့်စာရင်းစစ်တာက အိမ်တွေရွေးတယ်။ ယောက်ျားလေးအများဆုံးနေတဲ့အိမ်တွေ မသင်္ကာတဲ့ အိမ်တွေကို ပိုပြီး စစ်တယ်။ ယောက်ျားလေးတွေအိမ်မှာ လိုက်စစ်ရင် ကျနော်တို့မှာ ဧည့်စာရင်းစာရွက်မရှိဘူးဆိုရင် ဒဏ်ငွေ ၁ သိန်း ကနေ ၅ သိန်းအထိ ဒဏ်ငွေရိုက်တာရှိတယ်” ဟု ထိုလူငယ်က ကေအိုင်စီ သို့ ပြောသည်။

မွန်ပြည်နယ်အတွင်း မြို့များရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံး၊ စစ်စခန်း နှင့် သတင်းပေး ဒလန်များ စသည့် စစ်ကောင်စီတပ်နှင့်ဆက်နွယ်နေသည့်လုပ်ငန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မကြာခဏ ပြောက်ကျားတိုက်ခိုက်မှုများ လုပ်ဆောင်နေလေ့ရှိသည်ဟု သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီး၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ စစ်ကောင်စီတပ်များသည် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရပ်ကွက်တစ်ချို့တွင် ဧည့်စာရင်း စစ်ဆေးမှု များ ပြန်လည်လုပ်ဆောင်လာသကဲ့သို့ လူသွားလူလာများသည့်နေရာ၊ လမ်းဆုံလမ်းဂွနေရာများတွင်လည်း ယခု ရက်ပိုင်း၌ စစ်ဆေးမှုများ ပိုမိုပြုလုပ်လာလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။