Home သတင်း UNOCHA ၏ AHCT လုပ်ငန်းစဉ်သည် စစ်တပ်အတွက်အထောက်အပံ့ဖြစ်၍ CNC Tanintharyi ပါဝင်မည်မဟုတ်

UNOCHA ၏ AHCT လုပ်ငန်းစဉ်သည် စစ်တပ်အတွက်အထောက်အပံ့ဖြစ်၍ CNC Tanintharyi ပါဝင်မည်မဟုတ်

692
Photo: Crd.

အောက်တိုဘာလ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ပေါင်း စပ်ညှိနှိုင်းရေးရုံး-UNOCHA မှ ဆောင်ရွက်နေသည့် AHCT (Area Humanitarian Country Team) လုပ်ငန်းစဉ်သည် စစ်ကောင်စီနှင့် သက်ဆိုင်နေသည့်အတွက် မြန်မာနိုင်ငံတောင်ပိုင်းရှိ တနင်္သာရီဒေသ အရပ်ဖက်လူထုအဖွဲ့အစည်းများ ကိုယ်စားလှယ် CSOs Nexus Consortium-Tanintharyi မှ AHCT အခင်းအကျင်းတွင် ပါဝင်မည်မဟုတ်ကြောင်း အောက်တို ဘာလ(၁၅)ရက်နေ့က သဘောထား ထုတ်ပြန်ထားသည်။

ယခုနှစ်(၂၀၂၃)ခုနှစ်၊ ဩဂုတ်လ(၁၅)ရက်နေ့က နေပြည်တော်တွင် (UNOCHA) အကြီးအကဲ Mr. Martin Griffiths နှင့် အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့ နေပြည်တော်တွင် လူသားချင်းစာနာမှု အကူအညီပေး ရေးကိစ္စများအတွက် တွေ့ဆုံခဲ့ကြသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး သံတမန်ရေးရာအရ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမှုရရန် ကြိုးပမ်းနေသော အကြမ်းဖက် စစ်တပ် အတွက် အထောက်အပံ့ဖြစ်သည်ဟု ထင်မြင်မိသောကြောင့် တနင်္သာရီဒေသ အရပ်ဖက်လူထု အဖွဲ့အစည်းများ ကိုယ်စားလှယ် အနေဖြင့် AHCT လုပ်ငန်းစဉ်တွင် မပါဝင်နိုင်ကြောင်း အတိအလင်း ဖော်ပြထားသည်။

CNC Tanintharyi တာဝန်ရှိသူ ကိုနေမိုးအောင်က “ပြည်သူတွေကို ဒုက္ခပေးနေတဲ့ လူ့အခွင့်အရေးချိုး ဖောက်နေတဲ့ ဒီစကစနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကို သွားလုပ်တဲ့အတွက် စကစရဲ့လုပ်ရပ်တွေကို အသိ အမှတ်ပြုရာ ရောက်တယ်ဆိုပြီး တိုင်းတာလို့ရတယ်။ ကျနော်တို့အမြင်အရဆိုရင် ဒါက ပြည်သူတွေ ဘေးဒုက္ခရောက်အောင် လုပ်နေတာ စကစဖြစ်တယ်။ အဲ့စကစနဲ့ပြန်ပြီး ပူးပေါင်းပြီးတော့မှ လူသား ချင်းစာနာထောက်ထားမှုအတွက် သဘောတူညီချက်သွားယူတယ်ဆိုလို့ရှိရင်တော့ ဒါက တစ်ဖက် လက်နဲ့ စကစကို အားပေးအားမြောက်ပြုရာ ရောက်တယ်ဆိုတာကို ပေါ်လွင်စေတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်း AHCT လုပ်ငန်းစဉ်သည် မြန်မာနိုင်ငံအတွင်း ဘေးဒုက္ခခံစားနေရသည့် ပြည်သူလူထုအတွက် UNOCHA ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းစဉ်ဖြစ်ပြီး ယခုနှစ်အတွင်း ပုံစံပြောင်းပြီး လုပ်ဆောင်လာကာ ဇုန်ငါးဇုန်ခွဲပြီး နိုင်ငံအဆင့်၊ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင် ၊ တောင်ပိုင်းဇုန်နှင့် ရခိုင်ဇုန်ဟူ၍ ငါးနေရာခွဲပြီး လုပ်လာလျက်ရှိကြောင်း CNC Tanintharyi မှ ကိုနေမိုးအောင်က ဆက်ပြောသည်။

တနင်္သာရီဒေသအတွင်းရှိ အရပ်ဖက်လူထုအဖွဲ့အစည်းတစ်ခုဖြစ်သည့် CNC Tanintharyi အနေဖြင့် လည်း ယခုကာလသည် တော်လှန်ရေးကာလဖြစ်သည့်အတွက်ကြောင့် စစ်ကောင်စီလက်အောက်မှ ဝင်လာသည့် လုပ်ငန်းများအပြင် စစ်တပ်နှင့် သက်ဆိုင်နေသည့် မည်သည့်ယန္တရားနှင့်မျှ လက်တွဲ လုပ်ဆောင်သွားမည်မဟုတ်ကြောင်းလည်း ၎င်းတို့က ဆိုသည်။

UNOCHA အကြီးအကဲ၏ ဩဂုတ်လ ၁၅ ရက်မှ ၁၇ရက်နေ့အထိ မြန်မာနိုင်ငံသို့ ၃ ရက်ကြာ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီး ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အကြပ် အတည်းများကြောင့် နိုင်ငံ၏လူဦးရေ သုံးပုံတပုံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်နေကြောင်း၊ ကူညီထောက်ပံ့မှုလုပ်ငန်းများအား ကျယ်ကျယ် ပြန့်ပြန့် လုပ်ကိုင်တိုးချဲ့ဝင်ရောက်နိုင်ရန်အတွက် ရန်ပုံငွေများ တိုးမြှင့်ပေးရန်လိုအပ်ကြောင်း ထုတ်ပြန်ပြော ဆိုထားသည်။

(UNOCHA) အကြီးအကဲ Mr. Martin Griffiths က စစ်ကောင်စီနှင့် လာရောက်တွေ့ ဆုံ၍မြန်မာ နိုင်ငံအနှံ့အကူအညီပေးနိုင်ရေး ကြိုးပမ်းမှုသည် သိသာစွာအောင်မြင်မှု ကင်းမဲ့နေကြောင်း ဒေသတွင်း နှင့်နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်း ၅၀၀ ကျော်ကလည်း ဩဂုတ်လ(၂၂)ရက်နေ့ ပူးတွဲထုတ်ပြန်ချက်ကာ ထောက်ပြဝေဖန်ထားသေးသည်။