အောက်တိုဘာ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က ယခုအောက်တိုဘာလပိုင်းမှစ၍ ဒေသခံပြည်သူများ၏ အခြေခံဆန်ရိက္ခာများကို ငွေကြေးမပေးဘဲ အတင်းအဓမ္မသိမ်းယူမှုများ ပြုလုပ်လာကြောင်း မြို့ခံများ၏ ပြောဆို ချက်များအရ သိရသည်။
အဆိုပါ နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဘက်က စစ်ကောင်စီ၏ ရိက္ခာသယ်ယူပို့ ဆောင်ရေးလမ်းကြောင်းကို ပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်၏ တပ်စခန်းရှိ တပ်မိသားစုဝင်များအနေဖြင့်လည်း ရိက္ခာ ပြတ်လပ်မှုများရှိလာသည့်အတွက်ကြောင့် ကျေးရွာအတွင်းမှ တောင်သူလယ်သမားနှင့် ဒေသခံပြည်သူများ၏ ဆန်၊ဆီ၊ ဆားစသည့် အခြေခံစားသောက်ကုန်များကို ငွေကြေးမပေးပဲ အတင်းအဓမ္မယူဆောင်ခြင်းများ ပြုလုပ်နေသည်ဟု ဖာပွန်မြို့ ခံတစ်ဦးက ပြောသည်။
၎င်းက “ အခုလအစမှာ သူတို့ဖာပွန်မြို့ထဲကရော၊ ကျေးရွာတွေထဲမှာရော ပိုက်ဆံမပေးပဲဆန်တွေဆီတွေ ယူသွားတယ်။ အသိသူငယ်ချင်း အိမ်မှာဆိုရင် သူတို့လင်မယားစားဖို့တောင် တစ်နေ့တစ်နေ့မနည်းရှာနေရတာ။ စုထားတဲ့ဟာတွေ သိမ်း သွားလိုက်တယ်။ သူတို့ရဲ့မိသားစုတွေအတွက် ဖြစ်မှာပေါ့။ ရိက္ခာကားတွေလည်း မရောက်တော့ သူတို့ရိက္ခာပြတ် နေပြီးလေ။ သူတို့ဘာပဲဖြစ်ဖြစ်လေ ကျမတို့ဆီကနေတော့ ဆန်တွေယူစရာမလိုဘူးလေ။ ကိုယ့်ဘာကိုယ်တောင် မနည်းရှာ စားနေရတာ”ဟု ကေအိုင်စီသို့ ပြောသည်။
ဖာပွန်မြို့တွင်း စစ်ကောင်စီတပ်စခန်းရှိ တပ်မိသားစုဝင်များအနေဖြင့် ပြီးခဲ့သည့်လပိုင်းက ဆန်ရိက္ခာများကို နီးစပ်ရာ ကျေးရွာများထဲနှင့် တောင်သူလယ်သမားများထံမှ ငွေကြေးပေး၍ ဝယ်ယူခဲ့သော်လည်း လက်ရှိတွင်ဒေသခံ ပြည်သူများ၏ ရိက္ခာများကို အတင်းအဓမ္မယူဆောင်မှုများ ပြုလုပ်လာနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ယခုလို စစ်ကောင်စီတပ်ဘက်က ဒေသခံများ၏ ဆန်ရိက္ခာများကို အဓမ္မယူဆောင်မှုများကြောင့် အခြေခံ လက်လုပ် လက်စားသမားများအတွက်ပါ ထိခိုက်နစ်နာစေကြောင်း ဒေသအတွင်းနေ့စားအငှားလုပ်ကိုင်သူတစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။
“ကျနော်တို့ ရွာဘက်မှာဆန်တွေလည်း မရှိဘူး။ အခုကဘယ်လမ်းကြောင်းမှလည်း သွားလို့အဆင်မပြေဘူး။ တစ်ရက် မိသားစုစားဖို့အတွက်ပဲ ရုန်းနေရတယ်။ ပန်းရံလုပ်တာဆိုတော့ တစ်ရက် ၁ သောင်းလောက်ရရင် စားဖို့ဝယ်လိုက်ရင် ကုန်ပြီး။ ရွာထဲမှာဆန်တွေလိုက်သိမ်းနေတာတော့ ကြားတယ်။ ကျနော်တို့ဘက်တော့ မရောက်လာသေးဘူး။ တကယ်လို့ ဒီဘက်ရောက်ရင်လည်း ကျနော်တို့ပေးရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခုခုဖြစ်မှာကြောက်တယ်လေ” ဟု ကေအိုင်စီ သို့ပြောသည်။
ဖာပွန်မြို့တွင် သွားလာရေးအတွက် ကုန်းလမ်းနှင့် ရေလမ်းကြောင်း နှစ်ခုစလုံးကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့ အစည်းများ ပိတ်ဆို့ထားမှုကြောင့် စားနပ်ရိက္ခာပြတ်လပ်နေသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်း ထိရောက် စွာမရရှိသည့် အခက်အခဲနှင့်ပါ ကြုံတွေ့နေကြရကြောင်း ဒေသခံများက ပြောသည်။
အလားတူ စစ်ကောင်စီတပ်ဘက်မှ ကျေးရွာများအတွင်းရှိ ဒေသခံပြည်သူများ၏ အခြေခံစားသောက်ကုန်များကို အတင်း အဓမ္မယူဆောင်မှုများကြောင့် ဒေသခံပြည်သူများအနေဖြင့် စားဝတ်နေရေးခက်ခဲမှုများရှိလာပြီး ရိက္ခာပြတ်လပ်မှုများကို ပို၍ကြုံတွေ့လာနိုင်ရမည်ကို စိုးရိမ်နေကြရကြောင်း ဒေသခံများက ပြောဆိုကြသည်။



















