Home သတင်း လေးကေကော် အမြှောက်ကုန်း တိုက်ခိုက်မခံရရေး စစ်အင်အားတိုးချဲ့၊ ခံစစ်ပြင်ဆင် လုပ်ဆောင်နေ

လေးကေကော် အမြှောက်ကုန်း တိုက်ခိုက်မခံရရေး စစ်အင်အားတိုးချဲ့၊ ခံစစ်ပြင်ဆင် လုပ်ဆောင်နေ

940

အောက်တိုဘာ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့ တောင်ဘက် လေးကေကော်မြို့သစ်အနီး စစ်ကောင်စီတပ် အမြှောက်ကုန်း (စွယ်တော်ကုန်း) တိုက်ခိုက်မခံရရေး စစ်အင်အားတိုးချဲ့ နေရာယူပြီး ခံစစ်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း လေးကေကော်ဒေသ စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များက ပြောသည်။

လေးကေကော်မြို့သစ်အနီး စစ်တပ်အမြှောက်ကုန်း(စွယ်တော်ကုန်း) နေရာနှင့် လေးကေကော် ရှုခင်း သာပန်းခြံကုန်း အနီးဝန်းကျင်နေရာများတွင် မြေမြှုပ်မိုင်းအမြောက်အများ ထောင်ထားပြီး ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များဘက်က တပ်စခန်းအား လာရောက် မတိုက်ခိုက်ခံရရေး စစ်အင်အား တိုးချဲ့နေရာယူကာ ခံစစ်ပြင်ဆင်နေကြောင်း လေးကေကော်ဒေသ စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ယခုလို ပြောသည်။

“စစ်တပ်က စစ်သားတွေ ပန်းခြံကုန်းနေရာဘက် ဒီရက်ထဲတိုးလာတယ်။ လက်ခတ် တောင်ဘက်က တိုက်ပွဲကလည်း မအေးသေးဘူး၊ ခွေးကုန်း(စွယ်တော်အမြှောက်ကုန်း) ဘက်ကလည်း သူတို့နေရာ မတိုက်ခံရဖို့ သူတောင်ကုန်းနေရာ ပတ်ခြာလည်မိုင်းတွေ ထောင်ထားတယ်။ သူ့အမြှောက်ကုန်း တိုက်ခံရမှာ ကြောက်နေတယ်”ဟု ထိုစစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလကတည်းက စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များတိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေခဲ့သည့် လေးကေကော်‌ဒေသအတွင်း ယခု ၂၀၂၃ ခုနှစ် အောက်တိုဘာလ တွင် ဒေသအခြေစိုက် KNLA ပူးပေါင်းတပ်များ တကျော့ပြန် စခန်းသိမ်းတိုက်ခိုက်မှုများ ဖြစ်ပွားလာမည်ကို စစ်တပ်အမြှောက်ကုန်းဘက်က စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

အလားတူ ယခုရက်ပိုင်းအတွင်း စစ်တပ်က လေးကေကော် မြို့သစ်အနီး စစ်တပ်စစ်ရေး လှုပ်ရှားမှုများ၊ စစ်ကြောင်းပတ်ကင်းပုန်းထိုးသည့် အခြေအနေများကြောင့် ရပ်ကွက်များအတွင်း ပြန်လည်နေထိုင်သည့် ဒေသခံများမှာ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်နေကြကြောင်း လေးကေကော်ရပ်ကွက်သားတစ်ဦးက ပြောသည်။

၎င်းက “ဒီတစ်ပတ်ထဲ စစ်တပ်နဲ့ BGF တွေ လေးကေကော် မြို့ပြင်တောင်ယာတွေဘက် စစ်ကြောင်း ပတ်တာရှိတယ်။ ညဘက်ကင်းပုန်းဝပ်တယ်။ လက်ခတ်တောင်က ကရင်အဖွဲ့တွေ၊ PDF အဖွဲ့တွေ က လည်း ပစ်တာခတ်တာရှိသလို၊ စစ်တပ်ကုန်း (စွယ်တော်ကုန်း) ကလည်း လက်နက်ကြီး ပစ်ထုတ်တာ ရှိတော့လေးကေကော်ပြန်နေနေရတာ စိတ်မချရသေးဘူး။” ဟု ပြောသည်။

လတ်တလော ဒေါနတောင်အရှေ့ခြမ်း မြဝတီ -ဝေါလေ လမ်းပိုင်းရှိ စစ်တပ်နေရာယူ တပ်စွဲထားသည့် ဥကရိထစစ်စခန်း၊ မောခီးစစ်စခန်းများဘက်တွင် KNLA ပူးပေါင်တပ်များနှင့် တိုက်ပွဲများ၊ ပြောက်ကျား ပစ်ခတ်မှုများ၊ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည့် အခြေအနေဆက်ရှိနေကြောင်း တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများ သတင်းထုတ်ပြန်ချက်အရသိရှိရသည်။