Home သတင်း စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းတပ်စခန်း တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကြောင်း LLPDF ထုတ်ပြန်

စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းတပ်စခန်း တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကြောင်း LLPDF ထုတ်ပြန်

295
Photo: LLPDF

အောက်တိုဘာ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီး တို့ တပ်စွဲနေရာယူထားသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ သွားရောက်တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးကြောင်း ယမန်နေ့ ညတွင် LLPDF က ထုတ်ပြန်ထားသည်။

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာအတွင်းရှိ စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းတပ်စခန်းကို ယခုလ ၄ ရက်နေ့ အစောပိုင်းတွင် လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -LLPDF၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော်ထားဝယ်ခရိုင်တပ်ရင်း(၁)တို့ ပူးပေါင်းပြီး မြေပြင်ခြေမှုန်းရေးအပြင် ဒရုန်းတို့ဖြင့်ပါ သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

LLPDFမှတာဝန်ရှိသူက “ကျနော်တို့ ဘက်ထိခိုက်မှုမရှိပါဘူး။ ဒရုန်းရော၊ မြေပြင်ရော နှစ်ခုပေါင်း တိုက်ခိုက်ခဲ့ တာပါ။ စကစ ဘက်ကတော့ (၃)ယောက်သေ၊ (၅)ယောက် ပြင်းထန်ထိခိုက်ခဲ့ပါတယ်။”ဟု ကေအိုင်စီ သို့ ပြော သည်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း (၃) နာရီကြာမြင့်ခဲ့ပြီး စစ်တပ်မှ ထိခိုက်ဒဏ်ရာရှိသူများ ကိုစစ်ကောင်စီ ဘက်မှ စစ်ကူလာသော လှေများဖြင့်ပြန်လည် သယ်ဆောင်မှုများ ပြုလုပ်သွားကြောင်း LLPDFမှ တာဝန်ရှိသူက ဆက်ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်စခန်းသည် ပင်လယ်ကမ်းစပ်အနီးတွင် တည်ရှိပြီး ရေတပ်စစ်သေင်္ဘာနဲ့ နီးစပ်သည့် အပြင် မိုက်ခရိုဝိတ်တောင်ပေါ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များက လက်နက်ကြီး ပစ်ခတ်မှုများရှိနေသော ကြောင့် ပြန်လည်ဆုတ်ခွာမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

၎င်းအပြင် ဒေသခံ ပြည်သူများအနေဖြင့်လည်း ပွင့်လင်းရာသီကို ရောက်ရှိလာတော့မည် ဖြစ်သောကြောင့် စစ်ရေး သတိရှိကြရန်နှင့် ပစ်ခတ်သံများ ကြားသည်ဆိုပါက မိမိနေအိမ်နှင့် လုံခြုံသောနေရာတွင်သာ နေထိုင် စေလို ကြောင်း LLPDF က သတိပေးပြောဆိုထားသည်။