အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ ကျောက် တံခါးမြို့နယ်၊ နံဇကျေးရွာအုပ်စုသို့ အောက်တိုဘာလ(၂၂)ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းသုံး တိုက်ခိုက်မှု ကြောင့် စစ်တောင်းမြစ်တဖက်ကမ်းသို့ တိမ်းရှောင်ထွက်ပြေးခဲ့ရသော စစ်ဘေးရှောင်များမှာ လက်ရှိတွင် လမ်းပိတ်ဆို့ခံထားသဖြင့် စားနပ်ရိက္ခာအကူအညီရရှိရန် ခက်ခဲနေကြောင်း သိရသည်။
ထိုနေ့ နေ့လည်ပိုင်းက နံဇကျေးရွာအုပ်စု ဖိုးတရွာအနီးရှိ စစ်ကောင်စီတပ် စစ်ကြောင်းအား ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲခြင်းနှင့် ဒရုန်းဗုံးကြဲ တိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ပြီးနောက် စစ်ကောင်စီကလေကြောင်းသုံးပစ်ခတ်ခြင်းနှင့် ပိန်းဇလုပ် နှင့်နတ်သံကွင်းအခြေစိုက် တပ်စခန်းများမှ လက်နက်ကြီးများပစ်ခတ်ခဲ့သဖြင့် ဖိုးတရွာအပါအဝင် ရွာပေါင်း(၆)ရွာထက်မနည်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
ဒေသခံစစ်ရှောင်များအား ပူးပေါင်းတပ်ဖွဲ့က စစ်တောင်းမြစ်တစ်ဖက်ကမ်းသို့ ကူးနိုင်ရန် အကူအညီပေးခဲ့သော်လည်း လမ်းပိတ်ဆို့မှုများကြောင့် ရေလမ်းနှင့် တောလမ်းအသုံးပြု သွားလာရသော ကမ်းတဖက်မှအခြားရွာခံအနေဖြင့် စားနပ်ရိက္ခာ အတွက် သွားရောက် အကူအညီပေးနိုင်ရန် အကန့်အသတ်ရှိနေကြောင်း ကျောက်ကြီးမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
၎င်းက “ကျနော်တို့ဘက်မှာလည်း အရင်တိုက်ပွဲတွေဖြစ်ကတည်းက လမ်းတွေပိတ်ထားတာ သွားချင်ရင် တောလမ်းကသွားရတယ်။ လူငှားပြီး ပစ္စည်းသယ်ရတယ်။ ဒီဘက်ကူး လာတဲ့စစ်ရှောင် အတွက် အများကြီးကူ လို့မရဘူးဆိုပေမယ့် တတ်နိုင်သလောက်တော့ ခက်ခဲတဲ့ကြားကမရရ အောင်ကူလိုက်တယ်။ အရေးပေါ်အဖွဲ့ဆိုတာလည်း နေရာတိုင်းကို ချက်ချင်းမရောက်နိုင်ဘူးလေ” ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိတွင်လည်း ဖိုးတကျေးရွာအနီးရှိ အနန်းဘော်ကျေးရွာတွင် စစ်ကောင်စီတပ်များ အင်အား ထပ်မံဖြည့်တင်းထားသလို KNLA ပူးပေါင်းတပ်ဘက်မှလည်း အင်အားဖြည့်တင်းခြင်းရှိနေ၍ စစ်ရေးပဋိပက္ခတင်းမာနေသည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ဆိုသည်။
“တော်လှန်ရေးတပ်ဖွဲ့တွေက အဲဒီမှာတပ်ထိုင်နေတော့ စစ်တပ်က စစ်ကြောင်း ထိုးဖို့လုပ်နေတာ ထိုးမရဘူး ဖြစ်နေတယ်။ အခုလည်း နှစ်ဖက်လုံးက အင်အားဖြည့် ထားတယ်။ လောလောဆယ်တော့ ထိတွေ့တိုက်ပွဲက မဖြစ်သေးဘူး။ စစ်တပ်က ရှေ့မတိုးရဲတဲ့သဘောပေါ့။ တိုးလာတာနဲ့တော့ ဖြစ်မှာပဲ” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ကပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုများနိုင်ကြောင်း ကေအဲန်ယူ နှင့်နီးစပ် သူများက ပြောဆိုကြပြီး လေကြောင်းနှင့်လက်နက်ကြီးသုံး ပစ်ခတ်ခံရမှုများကြောင့် ဒေသခံများ၏ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးမှုရှိသော်လည်း ဒေသခံထိခိုက်မှုရှိမရှိနှင့် ဖြစ်စဥ်အသေးစိတ်ကိုမူ ကေအိုင်စီအနေဖြင့် ဆက်လက် အတည်ပြုနေဆဲဖြစ်သည်။
ထို့အတူ စစ်ကောင်စီဘက်မှလည်း အဆိုပါ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မတွေ့ရှိရသေးပါ။
ပြီးခဲ့သည့်ဇူလိုင်လက ပဲခူးတိုင်းဒေသကြီးအတွင်း စစ်ရေးလှုပ်ရှားမှုများ အရှိန်အဟုန်မြှင့်တင်မည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ပဲခူးတိုင်းအရှေ့ခြမ်းတွင် နှစ်ဖက် တိုက်ပွဲများ ပိုမိုပြင်းထန်လာသလို တိုက်ပွဲကြောင့် KNU ၏ညောင်လေးပင်ခရိုင်အတွင်း စစ်ဘေး တိမ်းရှောင်နေရသူ နှစ်သိန်းကျော်ရှိလာကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် -KPSN ၏ စာရင်းပြုစုဖော်ပြချက်အရ သိရသည်။



















