Home သတင်း ကရင်နီ စစ်ရှောင်စခန်းတွင် ရာသီတုပ်ကွေးအဖြစ်များ၍ စာသင်ကျောင်းများ ပိတ်ထားရ

ကရင်နီ စစ်ရှောင်စခန်းတွင် ရာသီတုပ်ကွေးအဖြစ်များ၍ စာသင်ကျောင်းများ ပိတ်ထားရ

855
Photo: Crd.

အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင် ယခုရက်ပိုင်းအတွင်း ရာသီတုပ်ကွေးအဖြစ် များလာသောကြောင့် ဖွင့်လှစ်ထားသော ကိုယ်ထူကိုယ်ထကျောင်းများ ပိတ်ထားရကြောင်း စစ်ဘေး ရှောင် ကူညီသူများပြောစကားအရ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီနယ်စပ် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲဒေသအပါအဝင် ဒီမော့ဆို၊ ဖရူ ဆို၊ လွိုင်ကော်၊ ဖားဆောင်းနှင့် ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းအများစုတွင် စစ်ဘေး ရှောင်ဒေသခံများအကြား ရာသီတုပ်ကွေးအဖြစ်လာသောကြောင့် ၎င်းဒေသရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများကို ပိတ်ထားရကြောင်း စစ်ဘေးရှောင်များကူညီနေသူတစ်ဦးက ယခုလိုပြောသည်။

“အခုလက်ရှိမှာက အေးတဲ့ဘက်ခြမ်းတွေမှာ ရာသီတုပ်ကွေးတွေ အများဆုံးဖြစ်နေတာ။ ပြန်ဖွင့်နေတဲ့ ကျောင်းတော့ရှိတယ်။ နည်းတယ်။ ရာသီတုပ်ကွေးတွေအဖြစ်များလို့ တချို့ကျောင်းတွေဆို ပိတ်ထား ရတာ တပတ်ကျော်ရှိနေပြီး။ တစ်နေရာနဲ့တစ်နေရာက မတူကြဘူး။ ကိုယ်ထူကိုယ်ထ ကျောင်းတွေက များတယ်။ ရွာတစ်ရွာမှာ ကျောင်းတစ်ကျောင်းရှိပြီး လူဦးရေ ၂၀၀ လောက်ရှိတဲ့ စစ်ရှောင် စခန်းတွေမှာလည်း ကျောင်းအသီးသီး ရှိကြတယ်။” ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။

ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင်စုစုပေါင်းနှစ်သိန်းခုနစ်သောင်းဝန်းကျင်အထိရှိနေပြီး အဆိုပါ စစ်ဘေးရှောင်များအနေဖြင့် တောတောင်ထဲတွင် နေထိုင်ကြရသည့်အတွက် ခြင်ကိုက်ခြင်း၊ သောက် သုံးရေမလုံလောက်ခြင်း၊ သန့်ရှင်းမှုမရှိခြင်း၊ တကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်းတို့ကြောင့် ဖျားနာသည့်အပြင် အရေးပြားယားယံသည့် ရောဂါများနှင့်ပါ ကြုံတွေ့နေရကြောင်း ၎င်းစစ် ရှောင်ကူညီသူက ဆက်ပြောသည်။

အဆိုပါ ရာသီတုပ်ကွေးရောဂါကို ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများတွင် အဖြစ်များနေပြီး နယ်မြေအတွင်း သွားလာရေးအခက်အခဲကြောင့် ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း နောက်ထပ် စစ်ဘေးရှောင်ကူညီသူတစ်ဦးကလည်း ကေအိုင်စီသို့ ပြောသည်။

၎င်းက “ကျနော်တို့မှာကျတော့ ဒီဘက်ဒေသက‌ ဆေးဆိုင်တွေမှာ ဝယ်ပြီးတော့ စစ်ရှောင်တွေကို ပေးကြ တယ်။ တစ်ခုရှိတာက ဆေးတွေက ဒီဘက်မှာ ဈေးတအားကြီးတယ်။ ဆေးတွေလည်း ဒီဘက်ဒေသကို သိပ်တင်သွင်းလို့လည်းမရပါဘူး။ အဲ့လိုအခက်အခဲတွေရှိပါတယ်။ ပြီးတော့ စစ်ဘေးရှောင်တွေအတွက် လှူဒါန်းတဲ့သူတွေက ဆရာဝန်မဟုတ်တော့ တခါတလေတွေ့တဲ့ဆေးမဝယ်ရဲဘူး။ မညွှန်းရဲဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

မြို့နယ်တိုင်းလိုလို တိုက်ပွဲများဖြစ်ပွားသည့် ကရင်နီပြည်နယ်တွင် စစ်ကောင်စီဘက်မှ သွားလာရေး လမ်းကြောင်းများ ပိတ်ဆို့ထားသဖြင့် ကျောင်းနေအရွယ်က‌လေးများ ပညာသင်ကြားမှုဆုံးရှုံးသည့်အပြင် ဒေသတွင်း ကုန်စည်စီးဆင်းမှု အခက်အခဲ‌ကြောင့် စစ်ရှောင်ပြည်သူများ၏ အသက်ရှင် သန်နိုင်ရေး အတွက် စားနပ်ရိက္ခာရရှိမှုအခက်အခဲရှိကြောင်း ဒေသတွင်းသတင်းအရင်း အမြစ်များထံမှ သိရသည်။

ထို့အပြင် စစ်ဘေးကြောင့် အသက်မွေးဝမ်းကျောင်းမှု မလုပ်ကိုင်နိုင်သည့်အတွက် စစ်‌ရှောင်ပြည် သူများ၏ လူမှုဘဝရပ်တည်ရေးပါ ထိခိုက်လာသလို စစ်ရှောင်ကာလရှည်ကြာလာ၍ ပြည်တွင်းမှ စားနပ် ရိက္ခာထောက်ပံ့မှု ခဲယဉ်းလာခြင်းကြောင့် နိုင်ငံတကာ၏ အကူအညီပိုမိုရရှိရေး မျှော်လင့်နေရကြောင်း ကရင်နီအရပ်ဘက် စစ်ရှောင်ကူညီရေးအဖွဲ့များက ပြောဆိုထားသည်။