Home သတင်း ကျိုက်ထိုတွင် စစ်တပ်လက်နက်ကြီးကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး၊ ဒေသခံ ၃ ဦး ဒဏ်ရာရ

ကျိုက်ထိုတွင် စစ်တပ်လက်နက်ကြီးကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး၊ ဒေသခံ ၃ ဦး ဒဏ်ရာရ

451
Photo: CJ

အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)နယ်မြေ၊ သထုံခရိုင် ကျိုက်ထိုမြို့ နယ်ရှိ ကင်းမွန်းချောင်း နယ်မြေရဲစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့မှ ယမန်နေ့ အောက်တိုဘာလ(၂၂)ရက်နေ့တွင် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုကြောင့် ပူးပေါင်းတပ်ဖွဲ့ဝင် (၂)ဦးသေဆုံးပြီး ဒေသခံ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေး အင်အားစုများထံမှ သိရသည်။

ယမန်နေ့ နံနက်(၅)နာရီဝန်းကျင်က ကျိုက်ထီးရိုးတောင်ခြေအနီးရှိ နယ်မြေရဲစခန်းအား KNLA ပါဝင်သော ကျောင်းသားတပ်မတော် (ABSDF)အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သွားရောက် ပစ်ခတ်စဥ် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် တုန့်ပြန်ပစ်ခတ်သည့်အတွက် ယခုလို ထိခိုက်သေ ဆုံးမှုဖြစ်ပွားခြင်းဖြစ်သည်ဟု တော်လှန်ရေးအင်အားစုမှ သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

၎င်းက“ပူးပေါင်းတပ်ဘက်က တစ်ယောက်က တိုက်ပွဲမှာ ပွဲချင်းပြီးကျသွားတာ၊ နောက် တစ်ယောက်ကတော့ ပြန်ရောက်မှဒဏ်ရာကြောင့် ကျတာပါ။ ရဲစခန်းကို သွားတက်သိမ်းတဲ့အချိန် (၅)ယောက်က စခန်းထဲ နယ်ကျွံသွားတယ် ။ သူတို့ပြန်ဆုတ်တဲ့အချိန်မှာ ဟိုဘက်(စစ်တပ်)ကပြန်ပစ်တော့ ထိတာပဲ။ အလောင်း တွေကတော့ ပြန်ရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရှိရသေးသော်လည်း ထိုနေ့ နံနက် (၆)နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်က ဆက်လက်ပစ်ခတ်သော လက်နက်ကြီးကြောင့် ငှက် ပျောတောရွာမှ အမျိုးသမီး(၂)ဦးနှင့်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နယ်ခံများ၏ ပြောပြချက်အရ သိရသည်။

ဒေသခံတစ်ဦးက “(၆)နာရီခွဲလောက်က စစ်တပ်က ပစ်တဲ့လက်နက်ကြီးနှစ်လုံးက ငှက်ပျောတောရွာ ထီးည အိုးတံတားအိမ်ဘက်မှာ ကျပေါက်တာ အမျိုးသမီးနှစ် ယောက်နဲ့အမျိုးသားတစ်ယောက် ကျည်စမှန်တယ် မစိုးရိမ်ရဘူးလို့လည်း ကြားတယ်။ အိမ်တစ်လုံးလည်း ထိခိုက်သွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီကို ထောက်ခံသည့် တယ်ရီဂရမ်ချန်နယ်များတွင်မူ ငှက်ပျောတောကျေးရွာနှင့် ကင်းမွန်းချောင်း ကျေးရွာတို့တွင် နေရာယူထားသော တော်လှန်ရေးအင်အားစုများ၏ ပစ်ခတ်မှုကြောင့် အထက်ပါဒေသခံ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ယခုလို နယ်မြေမတည်ငြိမ်ချိန်တွင် ကျိုက်ထီးရိုးဘုရားဖူး လာရောက်ရန်မသင့် တော်ကြောင်းနှင့် အကျိုး ဆက်အား တာဝန်ယူမည်မဟုတ်ကြောင်း တော်လှန်ရေး အင်အားစုများက သတိပေးထုတ်ပြန်ထားသော် လည်း ပွင့်လင်းရာသီရောက်ရှိတော့မည်ဖြစ်သဖြင့် ကျိုက်ထီးရိုးဘုရားဖူး လာရောက်မည့် သူများရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် လပိုင်းများတွင်လည်း ကျိုက်ထီးရိုးတောင်ခြေနှင့်တစ်မိုင်သာ ကွာဝေးသော အဆိုပါ ကင်းမွန်း ချောင်းနယ်မြေ ရဲစခန်းအား တော်လှန်ရေးအင်အားစုများမှ မကြာခဏ ဒရုန်းဗုံးကြဲချတိုက်ခိုက်ခြင်းနှင့် ဝင်ရောက်ပစ်ခတ်ခြင်းတို့ကြောင့် စခန်းရှိ အဆောက်အဦးများ မီးလောင်ပျက်စီးခြင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။