အောက်တိုဘာလ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ နယ်စပ်မြို့တစ်မြို့ဖြစ်သော မြဝတီမြို့တွင် အောက်တိုဘာလ ၂ ရက်နှင့် ၄ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ၂ မှုတွင် လူ ၃ ဦးသေဆုံးခဲ့ရသည့်ဖြစ်စဉ်ကြောင့် မြို့ပေါ်ရပ် ကွက်နေဒေသခံများ လုံခြုံမှုမရှိသည့်အခြေအနေဖြစ်နေကြောင်း မြို့ခံများက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့တွင် မြဝတီမြို့ပေါ် အမှတ် ၄ ရပ်ကွက် တောရကျောင်းလမ်း မပေါ်တွင် ကမ္ဘောဇဘဏ် (၁)က မန်နေဂျာဦးတင်မောင်အေးအား သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခံ ခဲ့ရပြီးနောက် အောက်တိုဘာ ၄ ရက်ညတွင် အမှတ် ၄ ရပ်ကွက်၊ ပန်းခြံ ၃ လမ်း နေထိုင်သူ စောသန်း ထိုက်အောင်နှင့် မနှင်းနှင်းဝေတို့ လင်မယား နှစ်ဦး ညအချိန် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
မြို့ခံရပ်ကွက်သားတစ်ဦးက “မြဝတီက မလုံခြုံတော့ဘူး၊ ငွေရှိသူတွေ၊ လုပ်ငန်းလုပ်သူတွေ လုယက်ခံ ရတာ၊ အခုကအဖွဲ့အစည်းနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်သူတွေက သေနတ်ကိုင် ဆောင်သွား လာကြ တာ နေရာတိုင်းမှာ တွေ့နေရတယ်။ စစ်တပ်နဲ့ ရဲလည်းဘာမှ မလုပ်နိုင်ဘူး”ဟု ကေအိုင်စီသို့ ပြော သည်။
အဆိုပါ ပစ်ခတ်သတ်ဖြတ်ခံရသူ လင်မယားသည် ကရင်နယ်ခြားစောင့်တပ် -BGF တပ် နှင့် နီးစပ် ပတ်သက်ပြီး ရွှေကုက္ကိုလ်မြို့သစ်ဘက်တွင် ကာစီနိုလောင်းကစားလုပ်ငန်းလုပ်ဆောင်နေသူဟု ပန်းခြံ လမ်းနေထိုင်သူအချို့က ပြောဆိုကြသော်လည်း ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

“အခု တလောက မြဝတီမှာ စစ်တပ်နဲ့ ပတ်သက်သူတွေ၊ DKBA နဲ့ ပတ်သက်သူတွေ၊ BGF တပ်နဲ့ ပတ်သက်သူတွေ စီးပွားရေးကိစ္စ၊ အရောင်းအဝယ်ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြဿနာ ဖြစ်ကြရင် သေ နတ်နဲ့ ဖြေရှင်းတာတွေ ပစ်ခတ်တာတွေ၊ ဖမ်းဆီးနှိပ်စက်ရိုက်နှက်တာတွေ ရှိနေတယ်။ သတင်းတော့ မထွက်လာတာတွေလည်း ရှိတယ်။ မြဝတီမှာ သေနတ်သံဆိုတာ ကြားရိုးရိုးနဲ့ နားယဉ်နေပြီ ”ဟု အမှတ် (၅) ရပ်ကွက်သားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း ဆိုင်ကယ်အငှားယာဉ်မောင်းသမား နှစ်ဦး ရက်ခြားဆိုသလို ငှားရမ်းသူကို လိုက်လံပို့ဆောင်စဉ် ဆိုင်ကယ်လုယက်သတ်ဖြတ်ခံရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးကြောင်း သိရှိရသည်။
ယခုနှစ် မြဝတီမြို့တွင် ဘတ်ငွေလဲခုံလုပ်ကိုင်သူ လည်ပင်းဓါးဖြင့်လှီးသတ်ပြီး ငွေလုယူမှု၊ မိကျောင်း ကုန်း ဘုန်းကြီးကျောင်း၌ ဘုရားရှိခိုးနေသူကို အုတ်ခဲဖြင့် ထုသတ်လုယက်မှု၊ ဆိုင်ကယ်သမား၊ ကား သမားများအား အငှားခေါ်ပြီး သတ်ဖြတ်လုယက်မှုမှတဆင့် ယခုသေနတ်ဖြင့် ပစ်သတ်လု ယက်မှုများ အထိ ဖြစ်ပွားသော်လည်း ကျူးလွန်သူတရားခံများကို တစ်ကြိမ်တစ်ခါမျှ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း မြို့ခံများက ပြောသည်။



















