အောက်တိုဘာလ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မြသာကုန်းကျေးရွာနှင့်အနီးတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသည့် အမျိုးသမီး(၃)ဦးနှင့် အမျိုးသား(၄)ဦးသည် လက်ရှိတွင် မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
စက်တင်ဘာလကုန်ပိုင်းက မြသာကုန်းကျေးရွာနှင့် ပင့်သီလာကျေးရွာအကြားတွင် တော်လှန် ရေးအတွက် ထောက်ပို့လုပ်ဆောင်သည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က အမျိုးသမီး(၃)ဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ(၁)ရက်နေ့တွင် မြသာကုန်းကျေးရွာအတွင်း ဝင်ရောက်ကာ အမျိုးသား(၄)ဦးအား ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။
“အမျိုးသမီး(၃)ယောက်ကတော့ တော်လှန်ရေးအတွက် ထောက်ပို့ပေးတယ်၊ ရိက္ခာတွေသယ်ပေး တယ်ဆိုပြီး ဆွဲခံရတာပါ မြသာကုန်း၊ ပင့်သီလာဘက်မှာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ကေအိုင်စီ သို့ ပြောသည်။
အောက်တိုဘာလ(၁)ရက်နေ့က စစ်ကောင်စီ၏ ဖမ်းဆီးခံလိုက်ရသော သက်လတ်ပိုင်းအရွယ် ရွာခံ အမျိုးသား(၄)ဦးအား တော်လှန်ရေးနှင့်ပတ်သက်သည်ဟု သံသယရှိသဖြင့် ကျေးရွာအလယ် တန်းကျောင်းတွင် တစ်ညစစ်ဆေးပြီးမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ လက်ရှိတွင် မိသားစုနှင့် အဆက်အသွယ်ပြတ်နေကြောင်း သံတောင်ကြီးမြို့နယ်ခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။
၎င်းက “အဲဒီညက ကျောင်းမှာဖမ်းထားပြီးစစ်တယ်။ ည ၁၂ နာရီလောက်ကျတော့ ကားနဲ့ သံမိုး တောင်ဘက်ကို ခေါ်သွားတယ်။ နောက်ကျနော်တို့လိုက်မေးကြည့်တော့ တောင်ငူဘက်ကို ခေါ်သွားတယ် ပြောတယ်။ သံမိုးတောင်အထိက မိသားစုကို လာတွေ့ခိုင်းသေးတယ်။ နောက်ပိုင်း တော့ ပြန်လည်းမလွတ်သေးဘူး။ ဘာသတင်းမှလည်း မကြားရတော့ဘူး။ “ဟု ၎င်းက ပြောသည်။
ထို့အတူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က မော်တော်ယာဥ်တချို့အား ယာယီဖြတ် သန်းသွားလာခွင့် ပိတ်ထားပြီး တော်လှန်ရေးနှင့်ဆက်လျဥ်း၍ စစ်ဆေးဖမ်းဆီးမှုများပြားလျက်ရှိသည့် တောင်ငူ-လိပ်သို လမ်းပိုင်းကို ပြန်ဖွင့် ပေးလိုက်ပြီဖြစ်သော်လည်း ယခင်အတိုင်း စစ်ဆေးမှုများ ပြားနေပြီး သတိထားသွားလာနေရသည်ဟု ဒေသခံများက ပြောဆိုကြသည်။
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၂)ထိန်းချုပ်ရာ တောင်ငူခရိုင် အတွင်းရှိ သံတောင်ကြီးမြို့နယ်အတွင်း စစ်ရေးပဋိပက္ခများ ဆက်လက်ရှိနေပြီး စစ်ကောင်စီ၏ စားနပ်ရိက္ခာနှင့်ဆေးဝါး သယ်ဆောင်ခွင့်ပိတ်ဆို့မှုများ၊ အစစ်အဆေး နှင့်မကြာခဏဖမ်း ဆီးခံရမှုများကြောင့် ယခုနောက်ပိုင်းတွင် စစ်ဘေးရှောင် ထောက်ပံ့မည့်ရိက္ခာလမ်ကြောင်း ခဲယဥ်းကာ ရိက္ခာပြတ်လပ်မှုများ ဖြစ်လာနေ ရကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။
ထို့အတူ မြန်မာနိုင်ငံတစ်ဝှမ်း တိုင်းနှင့်ပြည်နယ်အလိုက် ၂၀၂၁ ခုနှစ် မှ ယခုနှစ် စက်တင်ဘာ လအတွင်း နိုင်ငံရေးနှင့်ပတ်သက်၍ စစ်ကောင်စီတပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရသော အမျိုး သမီး စုစုပေါင်း(၃,၁၇၅)ဦး၊ ပြစ်ဒဏ်ချမှတ် ထားရသူ (၅၃၈) ဦးနှင့် သေဆုံးသူ (၆၁၄) ဦး အထိရှိနေ ပြီး စုံစမ်းဆဲအရေအတွက်အရ ယခုထက်ပိုမိုများပြားနိုင်သည်ဟု နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေး အသင် (AAPP) နှင့် မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) တို့ ပြုစုထားသည့် စာရင်းအရ သိရသည်။



















