Home သတင်း စစ်ကောင်စီ၏ ဝါဒဖြန့် ဘာသာရေးမှိုင်းတိုက် သတင်းမှားများအား သတိထားရန်လိုကြောင်း KNU ပြော

စစ်ကောင်စီ၏ ဝါဒဖြန့် ဘာသာရေးမှိုင်းတိုက် သတင်းမှားများအား သတိထားရန်လိုကြောင်း KNU ပြော

998
Photo: CJ

အောက်တိုဘာ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီဖိတ်ခေါ်သော နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်မှုမရှိ တော့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU ပြိုကွဲစေရန် ရည်ရွယ်၍ စစ်ကောင်စီ လက်အောက်ခံ လော်ဘီများမှတဆင့် ဘာသာရေးအရမှိုင်းတိုက်သည့် ဝါဒဖြန့်သတင်းအမှားများအား ပြည်သူများ အနေဖြင့် သတိထားရန်လိုကြောင်း KNU က အသိပေးပြောဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၅)ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့နယ်၊ ဒေးစွန်ပါ သာသနာ့နယ်မြေရှိ အဆောက်အဦးနှင့် ဘုရား၊ စေတီများအား KNU နှင့်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက ဖျက်ဆီးကာ သာသနာပိုင်ပစ္စည်းများ ရောင်းစားနေသည် ဟူသော သတင်းများကို စစ်ကောင်စီလက်အောက်ခံများက ဖြန့်ဝေနေကြခြင်းနှင့်ပတ်သက်၍ KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။

၎င်းက “KNU ကို ဖိတ်ခေါ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ငြင်းပယ်ခဲ့တဲ့အတွက် ကျနော်တို့ပြိုကွဲ အောင် လော်ဘီတွေကနေ သတင်းအမှားတွေကိုဖြန့်ရတာဖြစ်တယ်။ ပဲခူးတိုင်းက ကိစ္စကလည်း စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးတစ်ခုဖြစ်ပြီး KNU ပြိုကွဲပြီး ထောက်ခံမှုလျော့နည်းသွားအောင် ပူးပေါင်း တော်လှန်နေကြတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက KNU အပေါ် အထင်မှားအောင် လုပ်ဆောင်တာဖြစ်တယ်။ သူတို့ ပြောတာတွေက မှားယွင်းတဲ့ဆန့်ဘက်အရာတွေပါ” ဟု ၎င်းက ပြောသည်။

KNU ၏ သမိုင်းကြောင်းအရ အဆိုးဝါးဆုံးဖြစ်သည့် မာနယ်ပလော ကျဆုံး၊ ပြိုကွဲမှုသည် သတင်း မီဒီယာတိုးတက်မှုမရှိသေးသည့်အပေါ်တွင် စစ်ကောင်စီ၏ ဘာသာရေးမှိုင်းတိုက်ခံရသည့် ဖြစ်ရပ် တစ်ခု ဖြစ်ပြီး KNU အနေဖြင့် လူ့အခွင့်အရေးအရ လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ကို အလေးထား သဖြင့် ဘာသာရေးအဆောက်အဦးများအား ဖျက်ဆီးရန် စည်းမျဥ်း၊ဥပဒေ မရှိကြောင်း ပဒိုစောကလယ်စေးက ဆက်ပြောသည်။

“ဒီလိုသတင်းအမှားတွေနောက်လိုက်ရင်တော့ သူတို့ဘက်ကအသာစီးရတာပေါ့။ သတင်းက ဟုတ် လား မဟုတ်လား ဒေသခံတွေက အသိဆုံးဖြစ်မှာပဲ။ မြန်မာနိုင်ငံမှာက ဟိုးအရင်ကတည်းက စစ်တပ်က ဘာသာရေးကိုအခြေခံပြီး နိုင်ငံရေးလုပ် အုပ်ချုပ်နေကြတာ အခုထက်ထိပဲ။ ဘာသာရေး ပျောက်မှာသာ ကြောက်နေတာ ဘာသာရေးတည်မြဲအောင်လုပ်သူ ဘာသာရေးအဆုံးအမအောက် ကျင့်ကြံသူကတော့ တစ်ယောက်မှမရှိခဲ့ဘူး” ဟု ပဲခူးတိုင်းဒေသကြီးရှိ အမည်မဖော်လိုသူတစ်ဦးကလည်း ၎င်း၏အမြင်အရ သုံးသပ်သည်။

စစ်ကောင်စီ၏ဝါဒဖြန့် သတင်းမီဒီယာများတွင် ဒေးစွန်ပါနယ်မြေအတွင်း ဖျက်ဆီးမှုများနှင့် ဆက်စပ်၍ ဘုန်းကြီးကျောင်းများ မီးရှို့ဖျက်ဆီးခြင်းနှင့် အကြမ်းဖက်ခြင်းလုပ်ရပ်များ လုပ်ဆောင် နေသော မြန်မာနိုင်ငံ အလယ်ပိုင်းနှင့်တောင်ပိုင်းရှိ KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့များအား ခရစ်ယာန်ဘာသာဝင်များက ဦးဆောင်နေကြခြင်းဖြစ်ပြီး ယခု ဖြစ်ပွားနေသော တိုက်ပွဲများသည်လည်း နိုင်ငံရေးစစ်ပွဲမဟုတ်ဘဲ ဘာသာရေးစစ်ပွဲဖြစ်ကြောင်း ပြောဆိုထားသေးသည်။

Photo: CJ

“လက်ရှိမှာ အားနည်းလာတဲ့စစ်ကောင်စီက လူထုရဲ့ကြောက်ရွံ့ထိတ်လန့်မှုတွေများလာရင် တော်လှန်ရေးအစုအဖွဲ့တွေကို လူထုကဖိအားတစ်စုံတစ်ရာပြန်ပေးလိမ့်မယ်လို့ မျှော်လင့်ပြီး သွေးခွဲ တဲ့လုပ်ရပ်တွေ၊ ပြည်သူပိုင်နေရာတွေကို ပစ်ခတ်တာတွေ လုပ်လာတာ၊ မကြာသေးခင်ကပဲဖြစ်ဖြစ် ဟိုးအရင်ကပဲဖြစ်ဖြစ် ရဟန်းသံဃာတွေကို သတ်ဖြတ်တာ၊ ဖမ်းဆီးထောင်ချတာ ဘုန်းကြီးကျောင်း တွေကို လက်နက်ကြီးနဲ့ပစ်တာတွေကို လုပ်ခဲ့တာက စစ်အုပ်စုအဖွဲ့အစည်းပဲဆိုတာ ကျနော်တို့တွေ သတိရဖို့လိုတယ်။” ဟု KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက သတိပေးသည်။

အဆိုပါ ဒေးစွန်ပါသာသနာနယ်မြေရှိ ဖြစ်စဥ်တွင်လည်း စစ်ကောင်စီ၏ သန်လျင် ခြေလျင်တပ်ရင်း ခလရ-၉၀ မှ တာဝန်ရှိသူတစ်ဦး ခေါင်းဆောင်သည့်အဖွဲ့က PDF များ ဝင်ရောက်ခို အောင်းနိုင် သည်ဟူသော စွပ်စွဲချက်ဖြင့် အလုပ်သမားများငှားရမ်းကာ ဖျက်ဆီးစေခဲ့ခြင်းဖြစ်သလို သီတင်းသုံး နေထိုင်ကြသော သံဃာတော်နှင့်သီလရှင်များအား နယ်မြေအတွင်းမှ နှင်ထုတ်ခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုမှုကို ဒေသတွင်းရှိ လူမှုကွန်ရက်သတင်းစာမျက်နှာများမှတဆင့် သိရသည်။

အာဏာသိမ်း(၂)နှစ်ကျော်ကာလအတွင်း ကေအဲန်ယူအုပ်ချုပ်နယ်မြေအတွင်းရှိ ဘာသာရေး၊ အဆောက်အဦးများတွင် စစ်ကောင်စီက တပ်စွဲနေထိုင်ခြင်း၊ လက်နက်ကြီးနှင့်လေကြောင်းအသုံးပြု ပစ်ခတ်ခြင်းများကြောင့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများအပြင် ခရစ်ယာန်ဘုရားရှိခိုး ကျောင်းများ လည်း ထိခိုက်ပျက်စီး၍ ကျောင်းနေထိုင်သူများ ထိခိုက်မှုရှိသည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်တွင် စစ်ကောင်စီဘက်က သက်သေမခိုင်လုံသော အချက်အလက်များဖြင့် သတင်းအမှား မကြာခဏဖြန့်ဝေနေကြောင်း တွေ့ရှိရသည်။

၂၀၂၃ ခုနှစ် လူဦးရေစာရင်းများအရ စုစုပေါင်း ခန့်မှန်းခြေ ၅ ဒဿမ ၂ သန်းရှိသည့် မြန်မာနိုင်ငံ တဝှမ်းတွင် လူဦးရေစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းနှင့်အထက်သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။