Home သတင်း အပြစ်ပေးခံရစဉ် ထွက်ပြေးသွားသော တပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးပြီး လွှဲပြောင်းပေးရန် KTLAပြော

အပြစ်ပေးခံရစဉ် ထွက်ပြေးသွားသော တပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးပြီး လွှဲပြောင်းပေးရန် KTLAပြော

1204

အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တောနောအရှေ့ဘက်ခြမ်း မောခီးကျေးရွာ အုပ်စုအတွင်း ဒေသခံရွာသားများကိုး ထိုးကြိတ်ခြိမ်းခြောက်ခဲ့သည့် ကော်သူးလေအာမီ -KTLA တပ်ဖွဲ့ဝင်အချို့ အပြစ်ပေးအရေးယူခံနေရစဉ် ထွက်ပြေးသွားသောကြောင့် တွေ့ရှိသည့်အဖွဲ့များအနေဖြင့် ဖမ်းဆီးပေးပြီး ပြန်လွှဲပြောင်းပေးရန် အဖွဲ့၏ တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့က လူထုနေထိုင်သည့် ကျေးရွာအတွင်းရှိ စစ်ဆေးရေးဂိတ်တွင် ဗိုလ်စ လုံးဦးစီးသည့် KTLA အထူးကွန်မန်ဒိုတပ်ရင်း တပ်ခွဲ(၂) တပ်ခွဲမှူး ဒီမိုဆိုသူက ဒေသခံများကို ထိုးကြိတ်သည့် အပြင် သေနတ်ပစ်ဖောက်မှု၊ အရပ်သားပြည်သူများမွေးမြူထားသည့်အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ် စားသောက်သည့်အမှုဖြင့် ၎င်းအပါအဝင်တပ်ဖွဲ့ဝင် (၅)ဦးကို အပြစ်ပေးချုပ်နှောင်ထားစဉ် ထွက်ပြေး တိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်။

KTLA တာဝန်ရှိသူတစ်ဦးက “ သူတို့ကို ထားတဲ့နေရာမှာ တစ်ယောက်မှမတွေ့ဘူး။ အပြစ်လုပ်ထားတော့ သူတို့ကို ခေါင်းကတုံးတုံးထားလိုက်တာ အဲဒါကိုလည်း တစ်ယောက်မှမတွေ့တော့ဘူး။ ဒီမိုကလည်း ထွက်ပြေးသွားပြီး ။ သူတို့ကို တွေ့မယ်ဆိုရင် ပူးပေါင်းပြီး ဖမ်းပေးပြီး ဌာနချုပ်ကို ပို့ပေးဖို့တောင်းဆိုချင်တယ်။ ကျနော်တို့က စစ်သား ဖြစ်တဲ့အတွက် ပြည်သူရဲ့စိတ်ကျေနပ်အောင် ကျနော်တို့က လုပ်ပေးရမှာဖြစ်တယ်။ ” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် အထူးကွန်မန်ဒိုတပ်ရင်းကို အဆိုပါ ကျေးရွာတွင် လက်နက်များနှင့်အတူ ဂိတ်ဖွင့်နေထိုင်ခြင်းကို ဒေသခံများလက်မခံတော့သလို ဗိုလ်စလုံးကိုလည်း ဒေသခံများအပေါ် ခြိမ်းခြောက်ပြောဆိုခြင်းရှိသည့်အတွက် လက်ရှိအချိန်တွင် တာဝန် ၆ လရပ်ဆိုင်းထားကြောင်းလည်း ၎င်း KTLA တာဝန်ရှိသူက ဆက်ပြောသည်။

လက်ရှိတွင် လစ်လပ်နေသည့် KTLA အထူးကွန်မန်ဒိုတပ်ရင်း၏ တပ်ရင်းမှူးတာဝန်ကို Venom စစ်ကြောင်းမှူး စောဝင်းမြင့်က ယာယီ ပြန်လည်ကိုင်တွယ်ပေးရသည်ဟု သိရှိရသည်။

“တပ်ရင်းမှူးမရှိတဲ့အချိန်မှာ တပ်ရင်းကကလေးတွေကို ကျနော်က ဝိုင်းပြီး တာဝန်ယူကြည့်ပေးတယ်။ ထူးထူး ခြားခြားတော့မရှိဘူး။ တပ်ဖွဲ့ဝင်တွေက သူတို့ တပ်ရင်းမှူးမရှိရင် သူတို့က အားငယ်တာတွေရှိတယ်။ တပ်ရင်းမှူး ရာထူးက ကျနော်မယူဘူး။ ဘာဖြစ်လဲဆိုတော့ ကျနော်က အသက်ငယ်သေးတယ်။ ဒီရာထူးကိုလည်း ကျနော်မလိုချင်ဘူး။” ဟု ထိုအခြေအနေပေါ် စောဝင်းမြင့်က ကေအိုင်စီသို့ ပြောသည်။

တပ်ဖွဲ့ဝင်များ အရပ်သားများအပေါ် ထိုးကြိတ်မှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ပြီးခဲ့သည့် အောက်တိုဘာလ (၄)ရက်နေ့က ဒူးပလာယာခရိုင် တောနော (ဒေါန)အရှေ့ဘက်ခြမ်း၊ မောခီး ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၅)ရွာမှ ဒေသခံများနှင့် KTLA တာဝန်ရှိသူတို့နှင့်တွေ့ဆုံရာတွင် ဒေသခံများ၏ တောင်းချက်အရ ဗိုလ်စလုံး ဦးစီးသည့် အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်များအနေဖြင့် ရွာထဲမှ ထွက်ခွာရမည်ဖြစ်ကြောင်း တွေ့ဆုံပွဲတွင် ဆုံးဖြတ်ထားသည်ဟု သိရသည်။