Home သတင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ရေးတွင် စစ်ကောင်စီတပ် စစ်အင်အား ထပ်မံတိုးချဲ့လာ

နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ရေးတွင် စစ်ကောင်စီတပ် စစ်အင်အား ထပ်မံတိုးချဲ့လာ

742

အောက်တိုဘာလ ၂၃ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ တပ်အင်အားထပ်မံတိုးချဲ့လာကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF) တပ်ဖွဲ့က ပြောသည်။

ထိုနေ့ နှစ်ဖက်တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးအထိသေဆုံးခဲ့ပြီးနောက် စစ်ကောင်စီ တပ် ဘက်မှ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများနှင့် နီးစပ်သည့်နေရာအတွင်းသို့ ကုန်းလမ်းဖြင့် စစ်အင်အားတိုး ချဲ့လာ သည့်အပြင် လက်နက်ကြီးပစ်ခတ်မှုများလည်း လုပ်ဆောင်နေကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ YGF ၏ ရဲဘော်တစ်ဦးက ပြောသည်။

၎င်းက “စကစဘက်က အင်အားတိုးလာတယ်။ အခုလက်ရှိမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတကြောမှာရှိနေတယ်။ တိုက်ပွဲတော့ ပြန်ငြိမ်နေတယ်။ ဒီကောင်တွေက တိုက်ပွဲဖြစ်ပွားတဲ့နေရာက အလောင်းတွေကိုလာကောက်တာ။ ညတုန်းကလည်း စစ်ကြောင်းတွေ ထိုးလာတယ်လို့ သတင်းရတယ်။ သူတို့ဘက်ကအထိနာတော့ လက်နက်ကြီးနဲ့ ပစ်ပြီး ပြန်မဲတာပဲလေ”ဟု ကေအိုင်စီသို့ ပြောသည်။

ရေးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ရေးပြောက်ကျားတပ်ဖွဲ (YGF)၊ မွန်ပြည်တော်လှန် ရေးတပ် (MSRF) နှင့် ABSDF တပ်ရင်း (၁)တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီး ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အကြားတိုက်ပွဲသည် မွန်ပြည်နယ်တွင် အကြီး ဆုံးတိုက်ပွဲဖြစ်သလို စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့်လည်း နီးစပ်သည့် ကျေးရွာ မှ ဒေသခံပြည်သူတချို့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေးမြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“မွန်ပြည်နယ်မှာ တိုက်ပွဲကြီးကြီးမားမားဖြစ်တာဆိုလို့ မနေ့တစ်နေ့ကတိုက်ပွဲဖြစ်တာအကြီးဆုံးလို့ ပြောလို့ရ တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်ကဆိုရင် PDF ကလေးတွေက ဒလန်ရှင်းတာတွေ၊ စခန်းတိုက်တာတွေ နယ်မြေ ရှင်းလင်းတာတွေပဲ။ အခုက စစ်တပ်ဘက်က စစ်ကြောင်းလည်းထိုးလာတော့ တိုက်ပွဲတော် တော်ကြီး တယ်။ ကျုံလောင်းရွာက တချို့ကတော့ ထွက်ပြေးကြတယ်။ ဒါပေမဲ့အခုတော့ ပြန်ငြိမ်နေတယ်” ဟု ၎င်းရေးမြို့ခံက ပြောသည်။

ရေးမြို့နယ်ရှိ စစ်ကောင်စီတပ် စစ်စခန်းနှင့် တပ်ရင်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မကြာခဏ တိုက်ခိုက်လေ့ရှိသည့်အပြင် အသွားအလာပြုလုပ်သည့် ရိက္ခာတင်ယာဉ်တန်းများကိုလည်း ဖြတ်တောက် တိုက်ခိုက်ခံရသည့်အတွက် စစ်ကောင်စီတပ်က ရေလမ်းကြောင်းကို အသုံးပြုရာမှ ယခုအောက်တို ဘာလ ၂၀ ရက်နေ့တွင် တပ်အင်အားအလုံးအရင်းဖြင့် ကုန်းလမ်းကြောင်းဘက်ကို တပ်အင်အားတိုးချဲ့လာသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။