Home ဆောင်းပါး အဆိုပြုမှုအသစ်တစ်ရပ် တင်ပြကြဖို့

အဆိုပြုမှုအသစ်တစ်ရပ် တင်ပြကြဖို့

1282
Photo: Crd.

အဆိုပြုမှုအသစ်တစ်ရပ် တင်ပြကြဖို့

မောင်ကျော်စွာ

(၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၁ရက်)

“(NCA) စာချုပ် ပျက်ပြယ်သွားပြီ – ကမ္ဘာတည်သရွေ့ မပျက်ပြယ်” စသဖြင့် ဖက်ပြိုင် ငြင်းခုန်နေကြတာထက် (၁-၂-၂၀၂၁) ရက်နေ့ (စကစ)စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း ၂နှစ်ကျော်ကာလအတွင်း လက်တွေ့ဖြစ်ရပ်များ ကို အခြေခံကာ မိမိတို့လိုလားတဲ့ အဆိုပြုမှုအသစ်တွေကို တိုင်းရင်းသားလူမျိုးစုများဘက်က တိတိကျကျ ထုတ်ဖော် အဆိုပြုသင့်တယ်လို့ ထင်မြင်မိပါတယ်။

ထို”အဆိုပြုမှုအသစ်” ထဲတွင် ပထမအချက်အနေဖြင့် ပြည်တွင်းစစ်ပြဿနာ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိရေးပြဿနာတို့ကို လက်တွေ့ကျကျ ဖြေရှင်းနိုင်စေမယ့် အကြောင်းအချက်များ ပါဝင်စေသင့်ပါတယ်။ ဒုတိယ အချက်အနေဖြင့် ထိုအဆိုပြုချက်များဟာ အင်အားစုအားလုံးနှင့် လိုအပ်သလိုဆက်လက် ညှိနှိုင်းကြရအုံးမည်ဖြစ်သဖြင့် ပြင်ဆင်ဖြည့်စွက်၍ မရနိုင်သော တံခါးပိတ်အဆိုပြုမှုမျိုး မဖြစ်စေသင့်ဘဲ လိုအပ်သလို ဖြည့်စွက်တိုးချဲ့နိုင်ပြီး ကျယ်ပြန့် တဲ့ အမြော်အမြင်များ ပါရှိသော တံခါးဖွင့်အဆိုပြုမှုမျိုးသာ ဖြစ်သင့်ပါတယ်။

မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ (စကစ)စစ်အုပ်စုက အကြိမ်ကြိမ်ပြောဆိုနေတဲ့ “ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်” ဆိုတာဟာ စစ်အုပ်စုက နိုင်ငံရေး/စီးပွားရေး ဘက်စုံ အကြွင်းမဲ့အုပ်စီးထားတဲ့ အခြေခံအောက်မှာ တိုင်းရင်းသားလူမျိုးစုများကို နယ်ပယ်ဒေသအချို့ကို အကန့်အသတ်နဲ့ ခွဲဝေအပ်နှင်းပေးထားမယ့် အုပ်ချုပ်ခွင့်မျိုးသာ ဖြစ်ပါတယ်။ တချိန်က အင်္ဂလိပ်ကိုလိုနီနယ်ချဲ့သမားက ရှမ်းပြည်တွင်ကျင့်သုံးခဲ့သော “ဆနဒ်”ကို စစ်အုပ်စုက စစ်အုပ် စုနည်းနဲ့ စစ်အုပ်စုဟန်ဖြင့် မွမ်းမံပြင်ဆင် ပွဲထုတ်လာခြင်းသာဖြစ်ပါတယ်။

“မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်” ဆိုပြီး ဆိုရှယ်လိမ်ဝါဒနဲ့ လှည့်ဖြားခဲ့ဖူးတဲ့ စစ်အုပ်စုဟာ “ဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်”ဆိုတဲ့ “ဖက်ဒရယ်အတု”နဲ့ တိုင်းပြည်နဲ့ပြည်သူကို (အထူးသဖြင့် တိုင်းရင်းသားလူမျိုးစု များကို) လှည့်စားဖို့ သွေးရူးသွေးတမ်း ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

သို့အတွက် (စကစ)စစ်အုပ်စုက “၂၀၀၈ အခြေခံဥပဒေနှင့် (NCA) စာချုပ် ဆိုတဲ့ အခြေခံ ၂ခုကို အသေဆုပ် ကိုင်ထားပါတယ်။ ဒီကျုံးထဲ မြှုံးထဲ ဝင်လာစေရန် စစ်ရေးအရ ဖိအားပေးအကြပ်ကိုင်တဲ့နည်း – ငွေကြေးနယ်မြေလုပ် ငန်းအစရှိတဲ့ ရုပ်ဝတ္ထုနဲ့ အချိုသပ်မြှူဆွယ်သောနည်း စသဖြင့် နည်းလမ်းမျိုးစုံသုံးကာ အရူးအမူး လုပ်ဆောင်နေပါ တယ်။ ပြည်တွင်းပြည်ပ ဘက်စုံအကြပ်အတည်းဆိုက်နေလို့သာ (စကစ)စစ်အုပ်စုက ပရိယာယ်အမျိုးမျိုးဆင်ပြီး ကျင့်သုံး ဆွဲဆောင်နေတာပါ။

ဒီပရိယာယ်ရဲ့ အဓိကဦးတည်ချက်ဟာ တိုင်းရင်းသားအင်အားစုများနဲ့ (စကစ)စစ်အုပ်စုကို ပြတ်ပြတ်သားသား ဆန့်ကျင်တော်လှန်နေကြတဲ့ ဒီမိုကရေစီအင်အားစုများကို နည်းပေါင်းစုံသုံးပြီး အဆက်မပြတ် ရန်တိုက်ဖြိုခွဲနေတာပါ။ ဒါ့အပြင် တိုင်းရင်းသားလူမျိုးစုတွေအချင်းချင်း၊ တိုင်းရင်းလူမျိုးစု တစ်ခုထဲအတွင်းမှာပါ နည်းလမ်းပေါင်းစုံသုံးပြီး အဆက်မပြတ် ရန်တိုက်ဖြိုခွဲနေပါတယ်။

၁၉၆၂ခုနှစ် ဗိုလ်နေဝင်းစစ်အုပ်စု အာဏာသိမ်းစဉ်ကနေ မင်းအောင်လှိုင် ဦးစီးတဲ့ (စကစ)စစ်အုပ်စု အာဏာ သိမ်းထားတဲ့ ယနေ့ကာလအထိ စစ်အုပ်စုအဆက်ဆက် အုပ်စိုးနေတဲ့ နှစ်ပေါင်း ၆၀ကျော်ကာလအတွင်းမှာ (၁၉၇၄ ခုနှစ် အခြေခံဥပဒေ/၂၀၀၈ခုနှစ် အခြေခံဥပဒေဘောင်ထဲမှာ) တိုင်းရင်းသားလူမျိုးစုအတွက် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့် တူတူတန်တန် ရရှိခဲ့ကြဖူးပါသလား။

သမိုင်းဖြတ်သန်းမှုဆိုတဲ့ တကယ့်လက်တွေ့ထဲမှာတော့ တိုင်းရင်းသားအဖွဲ့အစည်းအချို့က အစိတ်အပိုင်းတ ချို့၊ ခေါင်းဆောင်တချို့တော့ စစ်အုပ်စုက ဖဲ့ထုတ်ခံရတဲ့အထဲ ပါသွားကြရပြီး နောက်ဆုံးတော့ စစ်အုပ်စုအသုံးတော်ခံ ဘဝနဲ့ တစ်ဇာတ်သိမ်းသွားခဲ့ကြရတာချည်းပဲ မဟုတ်ပါလား။ ကျောချမှ ဓားပြမှန်း သိသွားကြရတာပဲ မဟုတ်ပါလား။

ဟိုးတုန်းက ဟိုအခြေအနေ၊ ဟိုအကြောင်းအချက်နဲ့ လိမ်ညာလှည့်ဖြားခဲ့သလို ဒီနေ့ခေတ် ဒီနေ့ကာလမှာ လည်း ဒီနေ့ခေတ် ဒီနေ့အကြောင်းအချက်တွေနဲ့ လှည့်ဖြားလိမ်ညာနေတာပဲ ဖြစ်ပါတယ်။ ဘယ်ကာလမှာပဲဖြစ်ဖြစ် စစ်အုပ်စုအဆက်ဆက်ဟာ သူတို့ရဲ့အာဏာ သားစဉ်မြေးဆက် တည်တံ့ခိုင်မြဲရေးတွက် အကြမ်းဖက်ဖိနှိပ်သတ်ဖြတ်တဲ့ နည်းကို အဓိက ပင်တိုင်ထား ကျင့်သုံးတဲ့အောက်မှာ ရန်တိုက်သွေးခွဲ လှည့်စားတဲ့နည်းကိုလည်း အတွဲအဖက်နဲ့ လိုအပ် သလို ကျင့်သုံးနေတာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီအရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိရေးကို တစိုက် မတ်မတ် တည်ကြည်စွာ ရှေးရှုတဲ့သူတိုင်းက အင်အားစုတိုင်းက တတိုင်းတပြည်လုံးကို လွှမ်းခြုံတဲ့ စင်ပြိုင်အဆိုပြုချက် အသစ်တစ်ရပ်ကို ကြံဆတင်ပြကြဖို့ တာဝန်ရှိပါတယ်။ (စကစ)စစ်အုပ်စုက တစာစာကြော်ငြာနေတဲ့ “ဒေသကို အခြေ ခံတဲ့ ဖက်ဒရယ် (သို့မဟုတ်) ဖက်ဒရယ်အတု”ကို ပြတ်သားတည်ကြည်စွာ ဆန့်ကျင်ကန့်ကွက် တိုက်ဖျက်နေတာနဲ့ တချိန်ထဲမှာ မိမိတို့ရဲ့ စင်ပြိုင်အဆိုပြုချက်ကို တင်ပြကြဖို့ လိုအပ်ပါတယ်။

အဲဒီအဆိုပြုတင်ပြချက်ရဲ့ အသဲနှလုံးကဲ့သို့သော အချက်ထဲမှာ “အခြေခံဥပဒေရေးဆွဲရေး၊ ပြင်ဆင်ရေး၊ ပြည်ထောင်စုသစ်ရဲ့ပုံစံပြာ၊ တပ်မတော်” စတဲ့ တိုင်းပြည်အတွက် အင်မတန် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ ပညာရေး စတဲ့ အရေးပါတဲ့ ကိစ္စကြီးတွေကို ပြည်သူလူထုက သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ တိုက်ရိုက်မဲပေးရွေးချယ် လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များကသာ ဆုံးဖြတ်စီမံ လုပ်ကိုင်ဆောင်ရွက် ကြပ်မတ်နိုင်တဲ့ အခွင့်အာဏာမျိုးရရှိစေ သင့်ပါတယ်။ လူတစ်ယောက်ကို၊ စစ်ဗိုလ်ချုပ်တစ်ယောက်ကို၊ လူအုပ်စုတစ်စုကို၊ လက်နက်ကိုင်စစ်အုပ်စုတစ်စုကို အခွင့်ထူး၊ အာဏာထူး ပေးအပ်ထားတာမျိုး (လုံးဝ) လုံးဝ မဖြစ်သင့်ပါ။

ကျနော်တို့ဖော်ဆောင်လိုတဲ့ အနာဂတ်နိုင်ငံတော်သစ်မှာ “အခြေခံဥပဒေကို၊ တပ်မတော်ကို၊ နိုင်ငံရေးပါတီ များကို ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲရလဒ်”ကို စစ်ဗိုလ်ချုပ်တစ်ဦးက၊ စစ်အုပ်စုတစ်စုက စိတ်ကြိုက်ထင်သလို ချယ်လှယ်စီမံ ကြိုးကိုင်နိုင်တဲ့ ဘယ်လိုအနေအထား၊ အခြေအနေ၊ အချက်အလက်မျိုးမှ လုံးဝ(လုံးဝ) မပါရှိသင့်ပါ။

# ရှင်းလင်းချက်။ ။ ဆနဒ် (Sanad) ဆိုသည်မှာ အာရေဗီနှင့် ဟင်ဒီဘာသာစကားမှ ဆင်းသက်လာသောစကား ဖြစ် သည်။ ဗြိတိသျှတို့၏ သစ္စာတော်ကို စောင့်သိရိုသေပါမည်ဟု ဝန်ခံကတိပြုပြီးနောက် အကြင်ပုဂ္ဂိုလ်သည် သတ်မှတ် ဖော်ပြထားသော စည်းကမ်းနှင့် တာဝန်ဝတ္တရားများကို ကျိုးနွံစွာလိုက်နာပါမည်ဟု ကြေညာကာ သစ္စာတော်ကိုလည်း ခံယူသဖြင့် ထိုအကြီးအကဲတစ်ဦးတစ်ယောက်အား နယ်ရှင်၊ မြို့စား၊ စော်ဘွားအဖြစ် ခန့်အပ်ကြောင်း အမိန့်စာချွန်ဖြစ် သည်။ ဗြိတိသျှကိုလိုနီခေတ် ရှမ်းပြည်တွင် ဆနဒ်(Sanad)နှင့်ပတ်သက်၍ ကျင့်သုံးပုံကို ဦးထွန်းမြင့်(တောင်ကြီး) ရေးသားသော “သဲတစ်ပွင့် အုတ်တစ်ချပ်” စာအုပ်နှင့် ဦးအုန်းဖေ (ရှမ်းပြည်နယ် ဦးစီးအဖွဲ့ဝင်ဟောင်း) ရေးသားသော “ပင်လုံစစ်တမ်း” စာအုပ်တို့တွင် ဖတ်ရှုနိုင်ပါသည်။