Home သတင်း ရေးမြို့တွင် စစ်ကောင်စီတပ်က ပြည်သူများထံ ငွေညှစ်တောင်းခံမှုများ ပြုလုပ်

ရေးမြို့တွင် စစ်ကောင်စီတပ်က ပြည်သူများထံ ငွေညှစ်တောင်းခံမှုများ ပြုလုပ်

829
Photo: CJ

အောက်တိုဘာလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်ရေးမြို့ပေါ်နှင့် မြို့အထွက်ဂိတ်များတွင် စစ်ကောင်စီတပ်က ယခု အောက်တို ဘာလပိုင်းမှစ၍ အသွားအလာပြည်သူများထံမှ အကြောင်းအမျိုးမျိုးပြ၍ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း ရေးမြို့ခံများက ပြောသည်။

ရေးမြို့ပေါ်ရှိ စစ်ကောင်စီ ဂိတ်များသည် စစ်ဆေးမှုများပြုလုပ်ရာတွင် အသွားအလာပြည်သူများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့-PDF များနှင့် ဆက်နွယ်နေသည်ဟု စွပ်စွဲပြောဆို၍ ငွေညှစ်တောင်း ခံမှုများပြုလုပ်သည့်အပြင် ကျေးရွာအတွင်းထဲရှိ စျေးဆိုင်များထဲသို့ ဝင်ရောက်ကာ ပစ္စည်းအတင်းအဓမ္မ ယူဆောင်သွားမှုများလည်း ပြုလုပ်လျက်ရှိသည်ဟု ရေးမြို့ခံတစ်ဦးက ယခုလို ပြောသည်။

“ရေးမြို့ပေါ်မှာ စစ်သားတွေကို အရင်ကလောက်တော့ မတွေ့ရတော့ဘူး။ ဒါပေမဲ့သူတို့ရဲ့ဂိတ်တွေမှာ ငွေတောင်းတာ များလာတယ်။ မင်းတို့က PDF တွေလား၊ သူတို့နဲ့ပတ်သက်တာရှိလား အဲ့လိုအကြောင်း အမျိုးမျိုးပြပြီး တောင်းတယ်။ ရွာထဲက မုန့်ဆိုင်တွေမှာလည်း သူတို့လိုချင်တဲ့ပစ္စည်းတွေ အကုန် သိမ်း သွားတယ်။ ဒီမှာက ဒီဘက်တော်လှန်ရေးအဖွဲ့တွေကလည်း နေရာတော်တော်များများမှာ စစ်ဆေး နေတာတွေ့ရတယ်။ စကစတွေနဲ့တော့ မတူဘူး။ ဟိုကကလေးတွေက မတောင်းဘူး။ ကိုယ်စေတနာပါလို့ အများဆုံးကွမ်းယာ မုန့်ပဲပေးလိုက်တယ်”ဟု ပြောသည်။

ရေးမြို့နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ၏ နယ်မြေစိုးမိုးမှုနှင့် စစ်ကောင်စီတပ်၏ စစ်စခန်း၊ ဌာနဆိုင်ရာရုံးများကို မကြာခဏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးမှုနည်းပါးလာပြီး ရေလမ်း ကြောင်းမှတဆင့် အင်အားဖြည့်တင်းမှုများလုပ်ဆောင်လျက်ရှိကြောင်း နယ်မြေအတွင်းရှိ တော်လှန်ရေးအဖွဲ့ထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်များသည် ရေးမြို့ပေါ်နှင့်ရေးတံတားကြီးထိပ်တွင် စစ်ဆေးမှုများ ပိုမိုလုပ် ဆောင်လာပြီး စျေးဆိုင်များထဲတွင်လည်း ငွေညှစ်တောင်းခံမှုများရှိသည့်အပြင် လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်လေ့ရှိသည်ဟု နယ်မြေအတွင်းရှိ ရေးပြောက်ကျားတပ်ဖွဲ့၏ ပြန်ကြား ရေးတာဝန်ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “မြို့ထဲမှာ အစစ်အဆေးတွေပိုပြီးလုပ်လာတယ်။ ပြီးတော့ ပြည်သူတွေနေရခက်အောင် လုပ်နေတယ်။ မြို့ထဲမှာနဲ့ စစ်ဆေးရေးဂိတ်တွေမှာ ငွေညစ်တာတွေမျိုးတော့ရှိတယ်။ ပုံမှန်တော့ ရေးတံတားကြီးထိပ်မှာ လုပ်နေကြပဲ။ အဲ့ဒါအပြင် တစ်ခါတစ်လေ မြို့ထဲက သူတို့ရောက်ရာ ဆိုင်တွေမှာ လည်း ငွေကြေး တောင်းတာမျိုးတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသမ်းပစ်တယ်။ တော်လှန်ရေးအင် အားစုတွေဘက်က စစ်ဆင်ရေးလုပ်တဲ့အခါမျိုးတွေ သူတို့နဲ့ကပ်တယ်လို့ သတင်းရတဲ့ အခါမျိုးတွေမှ လက်နက်ကြီးကတော့ ပစ်တယ်”ဟု ဆိုသည်။

မွန်ပြည်နယ်တွင် KNLA အပါအဝင် အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF၊ ဘီးလင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ရေးဘီးလူးတပ်ဖွဲ့၊ ရေးမြို့နယ်ကာကွယ်ရေးအထူးတပ်ဖွဲ့ -YSTF၊ ရေးပြောက်ကျားတပ်ဖွဲ့ -YGFနှင့် သထုံခရိုင် အလုပ်အဖွဲ့-ABSDF စသည့် တော်လှန်ရေးအင်အားစုများက လှုပ်ရှားလျက်ရှိသည်။