Home သတင်း မုန်လိုင်ခက် စစ်ရှောင်စခန်းတိုက်ခိုက်ခြင်း စစ်ရာဇဝတ်မှုမြောက်သဖြင့် ရှုတ်ချကြောင်း KNU ပြော

မုန်လိုင်ခက် စစ်ရှောင်စခန်းတိုက်ခိုက်ခြင်း စစ်ရာဇဝတ်မှုမြောက်သဖြင့် ရှုတ်ချကြောင်း KNU ပြော

432
Photo: Crd.

အောက်တိုဘာလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး မုန်လိုင်ခက်စစ်ရှောင်စခန်းအား ပြီးခဲ့သည့် အောက် တိုဘာ လ(၉)ရက်နေ့တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ဘေးရှောင် များ ထိခိုက်သေဆုံးခဲ့ရခြင်းသည် စစ်ရာဇဝတ်မှုမြောက်သည့်အတွက် ပြင်းထန်စွာရှုတ်ချကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံးက အောက်တိုဘာလ(၁၁)ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုသည်။

ကလေးငယ်(၁၁)ဦးနှင့် အမျိုးသမီးများအပါအဝင် စစ်ဘေးရှောင်(၂၉)ဦး သေဆုံးပြီး (၅၇)ဦးထက်မနည်း ထိခိုက်မှုရှိခဲ့သည့်ဖြစ်စဥ်အား ကျူးလွန်ခဲ့သည့် စစ်ကောင်စီ အနေဖြင့် အရပ်ဘက်၊ စစ်ဘက်နှင့် ကလေးငယ်ဟု ခွဲခြားခြင်း၊ လူထုအသက်အိုးအိမ် ဆုံးရှုံးပျက်စီးမည့်အရေးကို စိုးရိမ်ခြင်းမရှိဘဲ အင်အားအလွန်အကျွံသုံး လုပ်ဆောင် ခြင်းက စစ်ရာဇဝတ်မှုတစ်ခုဖြစ်သည်ဟု KNU က ဆိုထားသည်။

KNU ၏ ထုတ်ပြန်ချက်တွင် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူပိုင် ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အဦးများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ရပ်များအား လုပ်ဆောင်လာသော စစ်ကောင်စီက ထိခိုက်နစ်နာသူစစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှုအား လက်နက်အဖြစ် အသုံးချကာ နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းနေကြောင်း ပြောဆိုထားသည်။

“ကျနော်တို့ နိုင်ငံထဲမှာ ပြည်သူဒုက္ခရောက်အောင်လုပ်တာလည်း သူတို့(စစ်တပ်)ပဲ၊ IDP လို့ခေါ်တဲ့ ဒုက္ခရောက်သူစစ်ဘေးရှောင်တွေကို ကူဖို့ဆိုတာလည်း သူတို့ကနေ တဆင့်ဖြတ်သန်းနေရတယ်။ ကျနော်တို့လိုချင်တာက နိုင်ငံတကာအကူအညီပေးမယ် ဆိုရင် နယ်စပ်ဖြတ်ကျော်အကူအညီလိုအပ်တယ်။ ဒါပေမဲ့ စစ်ကောင်စီက သူတို့ ဒုက္ခပေးသူကို သူတို့ပြန်ကူတယ်ဆိုတာက ဒီအကူအညီတွေကို လက်နက်လို အသုံးပြု နေတဲ့ အဓိပ္ပါယ်ပဲ။ အခု KIA ဘက်ကိုလည်း NCA နှစ်ပတ်လည်တက်ဖို့ ဖိတ်စာပို့ ပေမယ့် ကချင်ပြည်သူထုကို ဒီလိုလုပ်သွားပြီ ကျနော်တို့လည်း စစ်ရေးသတိ နိုင်ငံရေးသတိနဲ့ ဆက်လက်ဆောင်ရွက်နေရတယ်” ဟု ကေအဲန်ယူ ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။

စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော စစ်ကောင်စီအား နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အရေးယူမှုများပြုလုပ်၍ နိုင်ငံတကာနှင့်ဆက်ဆံရေးတွင် နေရာမပေးဘဲ လက်နက်နှင့်ငွေကြေးအင်အားအတွက် နည်းမျိုးစုံဖြင့် အထောက်အပံ့ဖြစ်စေခြင်းအား ရပ်တန့်ရန် KNU က တောင်းဆိုထားသည်။

ထို့အတူ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC ကလည်း မုန်လိုင်ခက် ဒေသဖြစ် စဥ်နှင့်ပတ်သက်၍ လာမည့်‌အောက်တိုဘာလ(၁၅)ရက်နေ့တွင် ကျရောက် မည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ဖြစ်ပေါ်လာရန် အစပြုခဲ့ သည့် လိုင်ဇာ ဒေသတွင် အစုလိုက်အပြုံလိုက်သေကြေပျက်စီးမှုအား ထပ်မံကျူး လွန်ခဲ့သော စစ်ကောင်စီ၏ လုပ်ရပ်ကို အပြင်းအထန်ရှုတ်ချကြောင်း အောက်တို ဘာလ(၁၀)ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ကာ ပြောဆိုထားသည်။

Photo: Crd.

အလားတူ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော ကိုးကန့်(MNTJP/MNDAA)၊ တ အာင်း(PSLF/TNLA)နှင့် ရခိုင်(ULA/AA၊)တို့ကလည်း မုန်လိုင်ခက်ဖြစ်စဥ်သည် စစ် ကောင်စီက စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်၍ တရားမျှတမှုရရှိရန် ကချင်ပြည် သူလူထုအပါအဝင် KIO/KIA တို့နှင့်အတူ ရပ်တည်သွားမည်ဟု အောက်တို ဘာလ(၁၀)ရက်နေ့ကပင် ကြေညာထုတ်ပြန် ပြောဆိုသည်။

စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည့်သတင်းများတွင်မူ အဆိုပါဖြစ်စဥ်သည် မိမိတို့က ဗုံးကြဲပစ်ခတ်ခဲ့ခြင်းမဟုတ်ဘဲ၊ KIO/KIA ၏ ယမ်းစက်ရုံပေါက် ကွဲခြင်းကြောင့် ဖြစ်သလို ထိခိုက်သေဆုံးသူများသည်လည်း KIO-ကချင်လွတ်လပ်ရေး အဖွဲ့(KIO/KIA)နှင့် ၎င်းတို့၏ မိသားစုဝင်များဖြစ်သည်ဟု တုန့်ပြန် ငြင်းဆိုထားကြောင်း တွေ့ရသည်။

KIO/KIA အနေဖြင့် စစ်ကောင်စီဘက်က တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် ဖြစ်စဥ် အသေး စိတ်အား သိရှိနိုင်ရန် စုံစမ်းဖော်ထုတ်ရေးကော်မတီဖွဲ့ကာလုပ်ဆောင်နေသလို ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံရာနှင့်ချီရှိနေကြောင်း အဖွဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကချင်သတင်းဌာနများသို့ ဖြေကြားထားချက်အရ သိရသည်။

စစ်ကောင်စီ၏ မုန်လိုင်ခက်စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်မှုသည် ဖားကန့်မြို့နယ် အနန်ပါဒေသတွင် KIO အထိမ်းအမှတ်အကြိုနေ့ ကျင်းပနေရာသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူအစုလိုက် အပြုံလိုက် သေဆုံးခဲ့ရသည့် ၂၀၂၂ ခုနှစ် အောက်တို ဘာလ(၂၃) ရက်နေ့ဖြစ်စဥ် တစ်နှစ်ပြည့်မြောက်တော့မည့် ကာလတွင် ယခုလို ထပ်မံလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။