စက်တင်ဘာ ၄ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
ကရင်လက်နက်ကိုင်အဖွဲ့အသီးသီး ပြန်လည်ပူးပေါင်းပြီး ကော်သူးလေ(ကရင်နိုင်ငံ)အား တည်ထောင်သွားကြရန် ကော်သူးလေအာမီ-KTLA အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်စောနယ်ဒါးမြက စက်တင်ဘာ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံ နားကော်ဖထိုမြို့နယ်ရှိ ဝဖိုဖစ်ဘုန်းကြီးကျောင်း၌ ကျင်းပသည့် ၅ ကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ အခမ်းအနားတွင် တိုက်တွန်းပြောဆိုခဲ့သည်။
ဗိုလ်ချုပ်စောနယ်ဒါးမြက “ ငါတို့ရဲ့နယ်မြေကို ကာကွယ်ဖို့ အတူလက်တွဲကြမယ်။ ငါတို့ရဲ့ နယ်မြေက ကော်သူး လေဖြစ်တယ်။ ငါတို့နိုင်ငံကို တည်ဆောက်နိုင်ဖို့ ငါတို့ခေတ်မှာပဲ စပြီးလုပ်မယ်။ ငါတို့ခေတ်မှာပဲ ငါတို့နိုင်ငံကို မြင်တွေ့စေရမယ်။ အဲ့ဒါကြောင့် ကော်သူးလေနိုင်ငံကို မြင်ရဖို့ တစ်ယောက်မှ စိတ်မယိုင်ကြပါနဲ့။ DKBA၊ BGF၊ KNU၊ KTLA က ညီအစ်ကိုအားလုံး ဒီနေ့ကစပြီး ပူးပေါင်းပြီး ကော်သူးလေနိုင်ငံကို တည်ထောင်သွားဖို့ ဒီနေ့ တက် ရောက်လာတဲ့ လူငယ်မောင်မယ်တွေကို တိုက်တွန်းချင်ပါတယ်။ ”ဟု လက်ချည်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထိုင်းနိုင်ငံရှိ ပညာပြည့်ဝနှလုံးလှကျိုက္ကော်ပညာဒါနဖောင်ဒေးရှင်း နာယကချုပ်(ဗုဒ္ဓ)စကော ကရင်စာပေနှင့် ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဦးစီးကျင်းပသည့် အဆိုပါ ကရင်ရိုးရာချည်ဖြူဖွဲ့အခမ်းအနားသို့ ပြည်ပရောက်ကရင်အရေးတက်ကြွလှုပ်ရှားသည့် လူငယ် ၁၂ ဖွဲ့နှင့် ထိုင်းနိုင်ငံရောက်ကရင်လူငယ်ထောင်ချီတို့က တက်ရောက်ကြပြီး ယဉ်ကျေးမှုအဆိုအကများနှင့် အချင်းချင်းချည်ဖြူဖွဲ့ခြင်းများ ပြုလုပ်သွားသည်ဟု တက်ရောက်သူများထံမှ သိရသည်။
“ကရင်ရိုးရာယဉ်ကျေးမှုဓလေ့ ထိန်းသိမ်းဖို့အနေနဲ့ တက်ရောက်ဖြစ်တာပါ။ ကော်သူလေးနိုင်ငံတည်ထောင်ဖို့နဲ့ လူငယ်ပိုင်းတွေစည်းလုံးဖို့ ဗိုလ်ချုပ်နယ်ဒါးမြအနေနဲ့ ပြောတယ်။ ဘယ်သူမေးမေး ကော်သူးလေနိုင်ငံ ရှိနေတယ် ဆိုတဲ့အကြောင်းအရင်းတွေချပြတယ်။ ဖိနှိပ်မှုအောက်မှာလည်း မနေချင်တော့ဘူး။ ကွဲပြားနေတဲ့ကရင်အဖွဲ့တွေ ပြန်ပြီးစုပေါင်းချင်တယ်” ဟု အခမ်းအနားတက်ရောက်လာသည့် ကရင်လူငယ်ခေါင်းဆောင်တစ်ဦးက ယနေ့ စက်တင်ဘာလ ၄ ရက်တွင် ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က မြဝတီခရိုင် ဝေါ်လေဒေသ၌ လူ ၂၅ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ဗိုလ်ချုပ်စောနယ်ဒါးမြအား ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်နေ့တွင် KNU-ကရင်အမျိုးသားအစည်းအရုံးမှ ၎င်းအား တာဝန်မှရပ်ဆိုင်းလိုက်ပြီးနောက် ဇူလိုင် ၁၇ ရက်နေ့တွင် KTLA -ကော်သူးလေအာမီအဖွဲ့အနေဖြင့် ဗိုလ်ချုပ် စောနယ်ဒါးမြက ဦးဆောင်ဖွဲ့စည်းခဲ့သည်။
ထိုနောက်ပိုင်းတွင် ၎င်းတို့တပ်ဖွဲ့ ဝင်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA အဖွဲ့တို့အကြား သွေးထွက်သံယိုမှု ဖြစ်ပွားသည့်အထိ အချင်းချင်းထိတွေ့ပစ်ခတ်မှု ဖြစ်ပွားသည့်အတွက် ကရင်အရပ်ဖက်လူထုများမှ ညှိနှိုင်းတွေ့ဆုံအဖြေရှာသွားကြရန် သဘောထားထုတ်ပြန်မှုများရှိခဲ့သည်။



















