Home သတင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မုန်းမြို့ ဒေသခံ(၁)ဦးသေဆုံး၊ (၆)ဦး ဒဏ်ရာရ

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မုန်းမြို့ ဒေသခံ(၁)ဦးသေဆုံး၊ (၆)ဦး ဒဏ်ရာရ

1017
Photo: Crd.

စက်တင်ဘာလ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ် အတွင်းရှိ ကျေးရွာ(၃)ခု ယမန်နေ့ စက်တင်ဘာလ(၃)ရက်နေ့က စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုခံရသဖြင့် ဒေသခံတစ်ဦး သေဆုံးပြီး (၆)‌ဦး ထိခိုက်ဒဏ်ရာရ ရရှိခဲ့ကြောင်း သိရသည်။

မုန်းမြို့နယ်၊ ငထွေစုတ်ရွာ၊ မျက်ရဲ(ကရင်)နှင့်(ဗမာ)ရွာတို့တွင် ယမန်နေ့နေ့လည်ပိုင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိခဲ့သော ဒေသခံ(၇)ဦးမှာ ငထွေစုတ်ရွာသားများဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မျက်ရဲရွာအခြေအနေတော့ မသိရဘူး။ မနေ့ကနေ့လည်ပိုင်းက မျက်ရဲကိုအရင်လေယာဉ် လာကြဲတာ နောက်မှ င‌ထွေစုတ်ကို လာတော့ ပြေးမမီလိုက်တော့ဘူး။ တိုက်ပွဲဆိုတာ သစ်ချဆိပ်တိုက်ပွဲရဲ့ နောက်ဆက်တွဲလို့ပဲ ပြောရမှာပေါ့ မနေ့ကတိုက်ပွဲဖြစ်တယ်လို့ မကြားမိဘူး။ ” ဟု ၎င်းက ကေအိုင်စီသို့ ယနေ့ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ လေကကြောင်းမှ (၃)ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ငထွေစုတ်ရွာမှ နေအိမ်(၁၀)လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရသလို အထက်ပါကျေးရွာ(၃)ရွာမှ ဒေသခံများ ‌နေအိမ်စွန့်ခွာ ထွက်ပြေး နေရသည်ဟုလည်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

Photo: Crd.

“ရွာခံတွေက ပြေးလည်းဘေးက ရွာတွေကိုပဲပြေးရတာ ဒီထက်ပြေးစရာနေရာလည်း မရှိတော့ဘူး။ အဲ့ဒီ ငထွေစုတ်ဘေးကရွာတွေပဲပေါ့။ ကျောက်ကြီးဘက်လည်း တချို့ပြေးကြတယ်။ မျက်ရဲရွာမှာဆိုလည်း နေတဲ့သူမရှိတော့ဘူး ပြောတယ်။” ဟု အမည်မဖော်လိုသူဒေသခံ တစ်ဦးကလည်း လက်ရှိအ‌ခြေအနေကို ပြောပြသည်။

ပြီးခဲ့သည့် ဩဂုတ်လ(၃၁)ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်-KNDOနှင့် ပူးပေါင်းတပ်များ မုန်းမြို့နယ်ရှိ စစ်ကောင်စီ၏ သစ်ချဆိပ်တပ်စခန်းအား တိုက်ခိုက် သိမ်းယူစဉ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီမှ လက်နက်ကြီးများဖြင့်သာမက လေကြောင်းဖြင့်ပါ ပစ်ကူ တိုက်ခိုက်ပေးလာသောကြောင့် မျက်ရဲကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာပေါင်း (၂၆)ရွာမှ ဒေသခံများ စစ်ဘေး‌တိမ်းရှောင် ထွက်ပြေးနေရကြောင်း ကေအဲန်ယူကလည်း စက်တင်ဘာလ(၂)ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

အလားတူ ယနေ့တွင်လည်း KNLA ပူးပေါင်းတပ်များရှိနေနိုင်သည်ဟု ယူဆရသော ကျေးရွာအချို့သို့ သူဌေး ကုန်းရွာဘက်မှ စစ်‌ကောင်စီတပ်များသည် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ၏‌ပြောဆိုမှုအရ သိရှိရသော်လည်း ထိခိုက်မှုအခြေအ‌နေနှင့် ယမန်နေ့က မျက်ရဲကျေးရွာ(၂)ရွာမှ ဒေသခံများအပါအဝင် နေအိမ် ထိခိုက်ပျက်စီးရသည့်အခြေအနေများအား ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။