Home သတင်း ဘီးလင်းမြို့နယ် အလူးလေးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ပွား

ဘီးလင်းမြို့နယ် အလူးလေးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ပွား

1140

စက်တင်ဘာလ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ ကားလမ်းမဘေးတွင် ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဘီးလင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းနှင့် KNLA ၊ သူရိယစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတွင် လုံခြုံရေးတိုးမြှင့်ထားကာ နီးစပ်သည့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေသည်ဟု ဘီးလင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ခံတစ်ဦးက ယခုလိုပြောသည်။

“လက်ရှိ ထိတွေ့ တိုက်ပွဲဖြစ်တဲ့နေရာမှာ ကွန်မန်ဒိုနဲ့ နှစ်လက်မစိန်ပြောင်းတွေတည်ပြီး အင်အား ၁၀၀ လောက်ကို ဘေးမှာ ပတ်ပတ်လည်ကင်းပုန်းထားထားတယ်။ စကစဘက်က ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တဲ့ နေရာနားကနေ ကတ္တ ရာလမ်းမကနေ ဖြစ်တာက အလူးလေးမှာဆိုတော့ ခုကအလူးကြီးနားမှာရှိတဲ့ အလည်တောလမ်းလေး ထဲကို လက်နက်ကြီး တောက်လျှောက် ပစ်ထည့်နေတယ်”ဟုပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲနှင့်မသက်ဆိုင်သည့် ကျေးရွာများအတွင်းသို့ လက်နက်ကြီး ပစ်ခတ် ခြင်း ကြောင့် ကျေးရွာထဲရှိ ဒေသခံပြည်သူများအနေဖြင့်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရ ကြောင်း လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်က ဆိုသည်။

အဆိုပါ အလူးလေး နှစ်ဖက်တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး သူရိယ စစ် ကြောင်းမှ ရဲဘော် ၃ ဦးလည်းတိုက်ပွဲတွင် ကျဆုံးသွားခဲ့ကြောင်း သူရိယစစ်ကြောင်း၏ တာဝန်ရှိသူ တစ်ဦးက ကေအိုင်စီသို့ အတည်ပြု ပြောသည်။

၎င်းက “အလူးလေးရွာ ကားလမ်းမဘေးမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။ ရန်သူဘက်ကလည်း ထိခိုက် သေဆုံးမှုရှိသလို ကျနော်တို့ ဘက်ကလည်း ရဲဘော် ၃ ဦးနိုင်ငံအတွက် အသက်ပေးလိုက်ရပါတယ်” ဟု ပြောသည်။

ထိုသို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည့် အလူးကျေးနယ်အတွင်းသို့ ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့ကလည်း စစ်ကောင် စီတပ်မှ ဝင်ရောက်ပြီး နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကား၊ ဆိုင်ကယ် ၆ စီးနှင့် အရပ်သား ပြည်သူ တစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။

အလားတူ မွန်ပြည်နယ် ဘီးလင်း၊ ကျိုက်ထိုနှင့် သထုံစသည့်မြို့များအနီးတွင် နယ်မြေခံ KNLA ၊ သူရိယ စစ်ကြောင်း၊ ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရေးဘီလူးတပ်ဖွဲ့၊ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်)-PPDF-KD၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF၊ တပင်ရွှေထီးစစ်ကြောင်း၊ သထုံပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ စသည့်ပူးပေါင်းတပ်ဖွဲ့များက စစ်ရေးလှုပ်ရှားနေလျက်ရှိပြီး စစ်ကောင်စီတပ်များနှင့်လည်း မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။