Home သတင်း လေကြောင်းရန်ကြောင့် ကျောက်ကြီးမြို့နယ်ရှိ ကော်သူးလေကျောင်းများ နှစ်ပတ်ကျော်အထိ ပြန်မဖွင့်နိုင်သေး

လေကြောင်းရန်ကြောင့် ကျောက်ကြီးမြို့နယ်ရှိ ကော်သူးလေကျောင်းများ နှစ်ပတ်ကျော်အထိ ပြန်မဖွင့်နိုင်သေး

845
Photo: Crd.

စက်တင်ဘာလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင် လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကရင်ပညာရေးနှင့်ယဥ်ကျေးမှုဌာန-KECD စီမံခန့်ခွဲမှုအောက်မှ စာသင်ကျောင်းအများစုသည် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုအန္တရာယ်ကြောင့် ယာယီပိတ်ထားရပြီး နှစ်ပတ်ကျော်ကြာမြင့်သည်အထိ ပြန်မဖွင့်နိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းမှစ၍ စစ်ကောင်စီ၏လေကြောင်းပျံဝဲမှုများ နေ့စဥ်ရှိ လာသဖြင့် မြို့နယ်အတွင်းရှိ ကော်သူးလေစာသင်ကျောင်းများ ပိတ်ထားရသလို စက်တင်ဘာလ (၅)ရက်နေ့ကလည်း ကျောင်းသားဦးရေ(၃၀၀)ခန့်ရှိသော လော်မူ သောနှင့်လော်မူပယ် ကျေးရွာစာသင်ကျောင်းနေရာများသို့ လေကြောင်း တိုက်ခိုက်ခဲ့ မှုကြောင့် လက်ရှိအချိန်ထိ ကျောင်းပြန်မဖွင့်နိုင်သေးကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ကျောက်ကြီးထဲက ကရင်စာသင်ကျောင်းတွေ အကုန်နီးပါးပဲပိတ်ထားရတယ်။ ကရင်တွေများတဲ့စာသင်ကျောင်းတွေကို စစ်တပ်က အဓိကပစ်မှတ်ထားမှာစိုးလို့လေ။ စာတော့မသင်ပေမဲ့ တစ်နေရာမှာတော့ အတန်းကြီးရော၊ အတန်းငယ်တွေအတွက် စာမေးပွဲစစ်ပေးနေတာရှိပါတယ်။ ဒီနေ့အထိ လေယာဥ်ကနေ့တိုင်းဝဲ၊ ဒရုန်းတွေရောပဲ” ဟု အမည်မဖော်လိုသူဒေသခံအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ယနေ့ ပြောသည်။

ထို့အပြင် မြို့နယ်အတွင်း ဆက်ဖွင့်ထားဆဲ စာသင်ကျောင်းအနည်းစုမှာလည်း လေကြောင်းအန္တရာယ်ကြောင့် ဖွင့်လိုက်၊ ပိတ်လိုက်အနေအထားဖြင့် ရုန်းကန် နေရသလို လူသူမသိသောနေရာများတွင် ပညာသင်ပေးနေရသော အခြေအ နေဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

၎င်းက “ကလေးတွေပညာရေးနဲ့အဆက်မပြတ်အောင်တော့ မထင်မရှား နေရာလေး တွေမှာ စာသင်ပေးနေတာတော့ ရှိတယ်။ တချို့ဖွင့်တဲ့ တစ်ကျောင်း နှစ်ကျောင်းက လည်း လေယာဥ်လာရင်ပိတ်လိုက်၊ ပြေးလိုက် ပြီးရင် ပြန်ဖွင့်လိုက်ပဲ။ အခြေအနေ မကောင်းဘူးဆိုပြီး သတင်းပို့လာရင် ပိတ်ပေါ့။” ဟု ပြောသည်။

ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်အစိုးရ ပညာသင်ကျောင်းများသည်လည်း တိုက်ပွဲ နှင့် ပစ်ခတ်မှုများကြောင့် ပိတ်ထားရသည်မှာ နှစ်ချီကြာမြင့်နေပြီး ပညာရေး နှောင့် နှေးမှုမရှိစေရန် စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမအချို့မှ ကိုယ်ထူ ကိုယ်ထပညာ ရေးအနေဖြင့် သင်ပြပေးနေရကြောင်း မြို့ခံများ၏ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ(၃၁)ရက်နေ့က ဖြစ်ပွားခဲ့သော သစ်ချဆိပ်စခန်းသိမ်း တိုက်ပွဲ နောက်ပိုင်း စစ်ကောင်စီမှ ကျောက်ကြီးနှင့်မုန်းမြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက် မှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာသည့်အပြင် လက်နက်ကြီးကြောင့် ဒေသခံများထိခိုက်သေဆုံးခြင်းနှင့် နေအိမ်ပျက်စီးခြင်းတို့အပြင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူဦးရေလည်း ပိုမိုများပြားလာခဲ့သည်ဟု သိရသည်။

ထို့အတူ ယခုလ စက်တင်ဘာလ(၇)ရက်နေ့ကလည်း စစ်ကောင်စီသည် KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ မူတြော်ခရိုင်အတွင်းရှိ မြို့နယ်များမှ နေအိမ်များ၊ စာသင် ကျောင်း နှင့်ဘာသာရေးအဆောက်အဦးများအား လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ ကျောင်းဆရာ(၁)ဦး၊ ကျောင်းသား(၅)ဦး သေဆုံးခဲ့သလို (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကေအဲန်ယူ အုပ်ချုပ်နယ်မြေအတွင်းရှိ စာသင်ကျောင်းများကိုပါ ပစ်မှတ်ထား တိုက် ခိုက်လာသည့် စစ်ကောင်စီအား ကုလသမဂ္ဂအပါအဝင် အာဆီယံနှင့် နိုင်ငံတကာ အဖွဲ့ အစည်းများအနေဖြင့် ထိရောက်ပြီးလက်တွေ့ကျသည့်နည်းလမ်းများဖြင့် ပိတ်ဆို့ အရေးယူပေးရန် စက်တင်ဘာလ (၁၁)ရက် နေ့စွဲဖြင့် KNU က ကြေညာချက်ထုတ်ကာ တောင်းဆိုထားသည်။