Home သတင်း ထားဝယ်မြို့နယ်မှ အရပ်သား ၃ ဦးကို စစ်ကောင်စီတပ်က လမ်းပြအဖြစ်ခေါ်ဆောင်ပြီး သတ်ဖြတ်

ထားဝယ်မြို့နယ်မှ အရပ်သား ၃ ဦးကို စစ်ကောင်စီတပ်က လမ်းပြအဖြစ်ခေါ်ဆောင်ပြီး သတ်ဖြတ်

826
Photo Kwekalu

စက်တင်ဘာလ ၂၆ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ပတောက်ကြီးရွာဟောင်းတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၂ နှင့် စစ်ကောင်စီတပ်များ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ၎င်းကျေးရွာမှ အရပ်သား ၃ ဦးကို လမ်းပြအဖြစ်ခေါ် ဆောင်သွားပြီးပစ်သတ်သွားကြောင်း ကရင်ဘာသာဖြင့် ရေးသားသည့် ကွယ်ကလူသတင်းက ယမန်နေ့တွင် ရေးသားဖော်ပြထားသည်။

အဆိုပါ နယ်မြေအတွင်းရှိ ပတောက်ကြီး၊ တောင်ကြီးနှင့် ဆမတောစသည့် ကျေးရွာ ၃ ရွာမှ ဖမ်းဆီးသွားသည့် အရပ်သားပြည်သူ ၉ ဦးအနက် ၎င်းအသတ်ခံလိုက်ရသည့် ၃ ဦးကို စစ်ကောင်စီတပ်က တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများမှ CDM ပြုလုပ်ထားသူများ၏ နေရာများကို လိုက်လံပြခိုင်း၍ ခေါ်ဆောင် သွားခြင်း ဖြစ်သည်ဟု ကွယ်ကလူသတင်းတွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသူများမှာ ပိတောက်ကြီးကျေးရွာမှ အသက် ၂၃ နှစ်အရွယ် စောဒါးခု၊ အသက် ၂၃ နှစ်အရွယ် စောပီဖောနှင့် အသက် ၂၆ နှစ်အရွယ် စောစေးစေးဝါးတို့ကို လမ်းပိုင်းတစ်နေရာ တွင် သတ်ဖြတ်သွားခဲ့ပြီး ကျန်ရှိနေသေးသည့် တောင်ကြီးရွာမှ အရပ်သား ၅ ဦးနှင့် ဆမတောရွာမှ အရပ်သား စောအဲထူးဖောကိုလည်း ထပ်မံဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကွယ်ကလူသတင်းက ရေးသားထားသည်။

ထိုအရပ်သားများ ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက “ရွာသား ၃ ယောက်ကိုဖမ်းပြီးတော့ ဘယ်နားမှာ CDM တွေရှိလဲ၊ တော်လှန်ရေးတပ်ဖွဲ့ တွေရှိလဲဆိုတာကို လမ်းပြခိုင်းတယ်။ ပြီးတော့ သူတို့လမ်းတစ်ဝက်မှာ ပစ်သတ်သွားတယ်။ နောသရိုခီးရွာ နဲ့ထီး ဆယ်ထရွာကို စကစကဝင်မွှေတော့ ရွာသား ၃၀၀ လောက်ထွက်ပြေးသွားတယ်” ဟု ကေအိုင်စီသို့ ယနေ့တွင် ပြော သည်။

ထို့အပြင် စစ်ကောင်စီတပ်က လမ်းပြအဖြစ် ဖမ်းဆီးသွားသော အရပ်သားပြည်သူများအား မည်သည့်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း ယခုအချိန်ထိ သတင်းတစ်စုံတစ်ရာမရရှိသေးကြောင်း ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ဆက်ပြောသည်။

စစ်ကောင်စီတပ်က နောသရိုခီးနှင့်ထီးဆယ်ထကျေးရွာအတွင်းသို့ တစ်ဆက်ထဲဝင်ရောက်ခဲ့ပြီး ကျေးရွာ အတွင်းကို ဝင်ရောက်ရှာဖွေခြင်းများပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံရွာသား ၃၀၀ ဝန်းကျင်ခန့်သည် ဘေးလွတ် ရာသို့ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ကွယ်ကလူသတင်းက ရေးသားဖော်ပြထားသည်။

စက်တင်ဘာလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သော KNLA တပ်ရင်း ၁၂ နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်စဉ်တွင် စစ်ကောင်စီတပ် ဘက်မှ ထိခိုက်ကျဆုံးမှုစာရင်းကိုမူ အသေးစိတ်မသိရှိရသေးဘဲ KNLA တပ်ဘက်မှ တပ်ခွဲမှူးတစ်ဦးကျဆုံးပြီး RPG ၁လက်၊ ကျည်ဆံ ၃ လုံးနှင့် ပစ္စတိုတစ်လက်ကို စစ်ကောင်စီ တပ်ဘက်က သိမ်းဆည်းရမိခဲ့ကြောင်း ကွယ်ကလူသတင်းက ဖော်ပြထားသည်။